ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ

A d v e r t i s e m e n t With Us

January 23, 2021

ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ အသေအပျောက်များနိုင်ဟု ဗြိတိန်ဝန်ကြီးချုပ် သတိပေး

ဗြိတိန်မှာတွေ့ရတဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲဟာ အသေအပျောက်များနိုင်တယ်ဆိုပြီး  ကနဦး အထောက်အထားတွေက ဖော်ပြတယ်လို့ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောပါတယ်။   ဒါပေမဲ့ ကိန်းဂဏန်းတွေနဲ့ပတ်သက်လို့ မရေရာမှုတွေ ကြီးကြီးမားမား ရှိနေဆဲဖြစ်ပြီး ကာကွယ်ဆေးတွေဟာ ဗိုင်းရပ်စ်မျိုးကွဲအပေါ် ကာကွယ်နိုင်စွမ်းရှိမယ် မျှော်လင့်ရပါတယ်။   ဒီကိန်းဂဏန်းဟာ ဗိုင်းရပ်စ်အဟောင်း ဒါမှမဟုတ် ဗိုင်းရပ်စ်အသစ် ကူးစက်ခံရသူတွေရဲ့  သေဆုံးနှုန်းတွေကို သင်္ချာပညာရှင်တွေ နှိုင်းယှဉ်ရာကနေ ထွက်ပေါ်လာတာပါ။  ပိုမိုကူးစက်တဲ့ ဗိုင်းရပ်စ်သစ်ဟာ ဗြိတိန်တလွှားမှာ ကျယ်ကျယ်ပြန့်ပြန့် ကူးစက်နေပြီ ဖြစ်ပါတယ်။  ဇန်နဝါရီ ၂၂ ရက်က ဒေါင်းနင်းလမ်းနေအိမ်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဝန်ကြီးချုပ် ဂျွန်ဆင်က "ဗိုင်းရပ်စ်မျိုးကွဲသစ်ဟာ ပိုမိုကူးစက်လွယ်တာအပြင် အခုဆိုရင် သေဆုံးနှုန်း မြင့်မားတာနဲ့ ဆက်နွယ်နိုင်တယ်ဆိုတဲ့ အထောက်အထားရှိနေတယ်" လို့ ပြောဆို ပါတယ်။  အဲဒီအထောက်အထားကို အသက်ရှူလမ်းကြောင်းဗိုင်းရပ်စ်သစ် ခြိမ်းခြောက်မှုဆိုင်ရာ အကြံပေးအဖွဲ့ (Nervtag) က သိပ္ပံပညာရှင်တွေ ဖော်ထုတ်ထားတာ ဖြစ်ပါတယ်။  ဒါပေမဲ့ ကံသေကံမ ပြောဆိုဖို့က လိုသေးတယ်လို့လည်း ဘီဘီစီက တင်ပြပါတယ်။
1 month Ago

December 26, 2020

ပြင်သစ်တွင် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ တွေ့ရှိ

မကြာသေးခင်က ဗြိတိန်မှာ တွေ့ရှိတဲ့ ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲကို ပြင်သစ်မှာ ပထမဆုံးတွေ့ရှိတယ်လို့ ပြင်သစ်အစိုးရက ဒီဇင်ဘာလ ၂၅ ရက်မှာ အတည်ပြုခဲ့ပါတယ်။  အဲဒီလူနာဟာ ဒီဇင်ဘာ ၁၉ ရက်မှာ လန်ဒန်က ရောက်လာတဲ့ ပြင်သစ်နိုင်ငံသား ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားပါတယ်။ သူဟာ ရောဂါလက္ခဏာမပြဘဲ လောလောဆယ် နေအိမ်မှာ သီးခြားခွဲနေထိုင်တယ်လို့ ကျန်းမာရေးဌာနက ဆိုပါတယ်။ အင်္ဂလန်မှာ ဗိုင်းရပ်စ်မျိုးကွဲသစ် ပေါ်ပေါက်မှုကြောင့် နိုင်ငံအတော်များများက ဗြိတိန်နဲ့ ခရီးသွားလာခွင့် တားမြစ်တာတွေ ပြုလုပ်ခဲ့ပါတယ်။ ပြင်သစ်ဟာလည်း ဗြိတိန်နဲ့ နယ်စပ်ကို ပိတ်ခဲ့ပေမယ့် ဒီဇင်ဘာ ၂၃ ရက်ကတော့ ဗိုင်းရပ်စ်ပိုး ရှိ၊ မရှိ စစ်ဆေးပြီး ခရီးသွားပိတ်ပင်ချက်ကို ရပ်ဆိုင်းခဲ့ပါတယ်။ ဒီလိုစစ်ဆေးမှုတွေကြောင့် ထောင်နဲ့ချီတဲ့ ကုန်ကားမောင်းသူတွေဟာ အင်္ဂလိပ် ရေလက်ကြားဖြတ်ဖို့ စောင့်စားရင်း ခရစ္စမတ်နေ့ကို သူတို့ကားထဲမှာ ကုန်ဆုံးခဲ့တယ်လို့ ဘီဘီစီသတင်းက ဖော်ပြပါတယ်။
2 months Ago
Up