မတ် ၂၁ ရက်နေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်း ရှိ၊ မရှိ ဆေးစစ်မယ်လို့ ကြေညာခဲ့သူ အမေရိကန်ဒုသမ္မတ မိုက်ပန့်စ်ဟာ ရောဂါကင်းရှင်းကြောင်း တွေ့ရတယ်လို့ သူ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က တွစ်တာမှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။
ရိုက်တာသတင်းအရ ဒုသမ္မတရဲ့ပြန်ကြားရေးအတွင်းဝန် ကေတီမေလာက ဒီသတင်းကို သူမရဲ့ တွစ်တာစာမျက်နှာမှာ အတည်ပြုတင်ပြထားတာလို့ ဆိုပါတယ်။
ဒုသမ္မတနဲ့ကတော်တို့ဟာ ဒုသမ္မတရဲ့ရုံးက ဝန်ထမ်းတဦးမှာ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိကြောင်း သိရပြီးနောက် ဆေးစစ်ခဲ့တာပါ။
အမေရိကန်သမ္မတတ ဒေါ်နယ်ထရမ့်ဟာလည်း ပြီးခဲ့တဲ့အပတ်က ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိ၊ မရှိ ဆေးစစ်ခံခဲ့ပါသေးတယ်။
အမေရိကန် လက်ထောက်ကျန်းမာရေးဝန်ကြီး ဘရတ်ဂီရာရွာကတော့ နိုင်ငံတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ရှိ၊ မရှိ ဆေးစစ်ခံထားသူဦးရေ ၁၉၅၀၀၀ ကျော် ရှိထားပြီးဖြစ်ကာ ဦးစားပေးစစ်ဆေးမှာက ကျန်းမာရေးလုပ်သားတွေ၊ ရောဂါလက္ခဏာပြနေတဲ့သူတွေနဲ့ သက်ကြီးရွယ်အိုတွေ ဖြစ်တယ်လို့ ရိုက်တာသတင်းကို ပြောပါတယ်။
1 year Ago