ဟောင်ကောင်ဆိပ်ကမ်းမှာ ကပ်ထားတဲ့ အပျော်စီးသင်္ဘောပေါ်က အမှုထမ်း ၃၅ ယောက်နဲ့ ခရီးသည် ၉ ယောက်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး မတွေ့ရှိဘူးလို့ ဟောင်ကောင်တာဝန်ရှိသူတွေက ဖေဖော်ဝါရီ ၈ ရက်မှာ ပြောပါတယ်။
အဲဒီအမှုထမ်းတွေနဲ့ ခရီးသည်တွေဟာ ဖျားနာတာနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေ ပြသခဲ့ပြီးနောက် အာဏာပိုင်တွေက သူတို့ကို သီးခြားခွဲထားပြီး စောင့်ကြည့်ခဲ့ပါတယ်။
ဒါ့အပြင် အပျော်စီးသင်္ဘောပေါ် လိုက်ပါလာသူ ၁၈၀၀ စလုံးကို ဗိုင်းရပ်စ် ရှိ၊ မရှိ စမ်းသပ်သွားမှာဖြစ်ပြီး ခရီးသည်အားလုံးဟာ အဖြေသိရတဲ့အထိ သင်္ဘောပေါ်မှာပဲ ဆက်နေရမယ်လို့ ဟောင်ကောင် ကျန်းမာရေးဌာန တာဝန်ရှိသူက ပြောထားပါတယ်။
Dream Cruises သင်္ဘောလိုင်းက လုပ်ကိုင်တဲ့ အပျော်စီးသင်္ဘောကြီးဟာ ထိုင်ဝမ်က ကမ်းကပ်ခွင့် ငြင်းဆန်ခဲ့ပြီးနောက် ဟောင်ကောင်ဆိပ်ကမ်းမှာ ကမ်းကပ်ခဲ့ပါတယ်။
ဟောင်ကောင် အာဏာပိုင်တွေဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှာကို ကာကွယ်တဲ့ သဘောနဲ့ သင်္ဘောအမှုထမ်းတွေနဲ့ ခရီးသည်တွေကို သင်္ဘောပေါ်က ဆင်းခွင့် တားမြစ်ထားပါတယ်။
ဒါ့အပြင် ဟောင်ကောင်ဟာ အပျော်စီးသင်္ဘော ဆိပ်ကမ်းနှစ်ခုက လုပ်ငန်းဆောင်တာတွေကို ယာယီရပ်ဆိုင်းထားပါတယ်။
တရုတ်ပြည်မကြီးကနေ ဝင်လာတဲ့ ဘယ်သူမဆို သီတင်းနှစ်ပတ်ကြာ သီးခြားစောင့်ကြပ်ခံရမယ်ဆိုတဲ့ စည်းမျဉ်းကိုလည်း ဟောင်ကောင်အစိုးရက ထုတ်ပြန်ထားပါတယ်။
1 year Ago