မျောက်တွေနဲ့ စမ်းသပ်တဲ့ လေ့လာချက် နှစ်ရပ်အရ ကိုရိုနာဗိုင်းရပ်စ် နောက်တကြိမ် ကူးစက်ခံရတဲ့အခါ ရောဂါအပေါ် ခံနိုင်ရည်စွမ်းအားတိုးလာပြီး အသက်ရှင်သန်နိုင်တယ်ဆိုတဲ့ ပထမဆုံးသိပ္ပံဆိုင်ရာ အထောက်အထားကို တွေ့ခဲ့ရပါတယ်။
ဒါဟာ အခုဖော်ထုတ်နေတဲ့ ကာကွယ်ဆေးတွေ အောင်မြင်နိုင်တဲ့ လက္ခဏာဖြစ်တယ်လို့ အမေရိကန်သုတေသီတွေက ပြောဆိုလိုက်ပါတယ်။
လေ့လာချက်တခုမှာ သုတေသီတွေက မျောက် ၉ ကောင်ကို ကိုရိုနာဗိုင်းရပ်စ် ထိုးပေး ခဲ့ပါတယ်။
မျောက်တွေ နေပြန်ကောင်းလာပြီးနောက် သူတို့ကို နောက်တကြိမ် ဗိုင်းရပ်စ်ထိုးပေးတဲ့ အခါမှာ နေမကောင်းတာမျိုး မတွေ့ရတော့ဘူးလို့ ဗိုင်းရပ်စ်ဗေဒနဲ့ ကာကွယ်ဆေး သုတေသန စင်တာ သုတေသီ ဒေါက်တာ ဒန်ဘာရုခ် က ဆိုပါတယ်။
တွေ့ရှိချက်တွေအရ မျောက်တွေဟာ သဘာ၀အလျောက် ရောဂါကို ခံနိုင်စွမ်း ရှိလာပြီး အဲဒီ ခံနိုင်စွမ်းက နောက်တကြိမ် ကူးစက်မခံရအောင် ကာကွယ်ပေးတယ်လို့ ဒေါက်တာ ဒန်ဘာရုခ်က ဆိုပါတယ်။
ဒုတိယလေ့လာချက်မှာတော့ ဒေါက်တာ ဒန်ဘာရုခ်နဲ့အဖွဲ့ဟာ မျောက် ၂၅ ကောင်ကို စမ်းသပ်ကာကွယ်ဆေး ၆ မျိုး ထိုးပေးခဲ့ပါတယ်။
အဲဒီနောက် မျောက်တွေနဲ့ ထိန်းချုပ် တိရစ္ဆာန် ၁၀ ကောင်ကို ကိုရိုနာဗိုင်းရပ်စ် ထိုးပေးခဲ့ ပါတယ်။
အဲဒီအခါ ကာကွယ်ဆေးထိုးထားတဲ့ မျောက်တွေက ဗိုင်းရပ်စ်ကို အတော်လေး ကာကွယ်နိုင်တာ တွေ့ရပြီး ကာကွယ်ဆေး ထိုးမထားတဲ့ ထိန်းချုပ် တိရစ္ဆာန်အားလုံးမှာ ဗိုင်းရပ်စ် အတော်များများ ကူးစက်တာ တွေ့ခဲ့ရပါတယ်။
ဒီလေ့လာချက်တွေက လူသားမှာ ရောဂါအပေါ် ခံနိုင်ရည်ရှိတာ၊ အဲဒီ ခံနိုင်ရည်စွမ်းက ဘယ်လောက် ကြာနိုင်မလဲဆိုတာ သက်သေမပြနိုင်ပေမယ့် စိတ်သက်သာရာ ရစေတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။
8 months Ago