ကိုရိုနာကပ်ဘေး

January 7, 2021

ဗြိတိန်တွင် ကိုရိုနာကပ်ဘေးကြောင့် စာမေးပွဲ မစစ်ဘဲ ဆရာအကဲဖြတ်စနစ် ကျင့်သုံးမည်

ဗြိတိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကြောင့် ဒီနှစ် တရားဝင်စာမေးပွဲတွေကို ကျောင်းသားတွေ ဖြေရမှာ မဟုတ်ဘူးလို့ ပညာရေးဝန်ကြီး ဂါဗင်ဝီလျံဆန်က ဇန်နဝါရီ ၆ ရက်မှာ ပြောလိုက်ပါတယ်။ ကျောင်းသား တယောက် ဘာသိလဲဆိုတာ ဆုံးဖြတ်ဖို့ အမျှတဆုံးနည်းလမ်းက စာမေးပွဲ ဆိုပေမဲ့ ကပ်ဘေးသက်ရောက်မှုကြောင့် ဒီနှစ်မှာ စာမေးပွဲကျင်းပဖို့ မဖြစ်နိုင်တော့ဘူးဆိုတဲ့ အဓိပ္ပါယ်ရနေတယ်လို့ ဝန်ကြီးက လွှတ်တော်မှာ ပြောပါတယ်။ အဲဒီအစား ဆရာတွေက ကျောင်းသားတွေကို စစ်ဆေးပြီး သူတို့ ဘယ်အဆင့် ဘယ်အမှတ်ကို ရသင့်တယ်ဆိုတာ ဆုံးဖြတ်မယ်လို့လည်း သူက ဆက်ပြောပါတယ်။  ကောလိပ်နဲ့ တက္ကသိုလ်ဝင်တန်း ကျောင်းသားတွေအတွက် စာမေးပွဲတွေကို ဆရာတွေက အကဲဖြတ် အမှတ်ပေးတဲ့ စနစ်နဲ့ အစားထိုးမယ်လို့ ဝန်ကြီးက ပြောပါတယ်။ အင်္ဂလန်နယ်ဟာ ဇန်နဝါရီ ၅ ရက်မှာ တတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ အသွားအလာ ထိန်းချုပ်ကန့်သတ်ချက် လော့ဒေါင်းကို ချမှတ်ကျင့်သုံးခဲ့ရလို့ ကျောင်းတွေနဲ့ ဆိုင်တွေကို ပိတ်ထားရပြီး  ပြည်သူတွေ အိမ်ထဲမှာပဲ နေဖို့ကိုလည်း အမိန့်ထုတ် ထားရပါတယ်။ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်ကြောင့် ကူးစက်မှု တိုးလာတဲ့အတွက် နိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို ခြိမ်းခြောက်နေပါတယ်။ ဒီနှစ်မတိုင်ခင်က ကျောင်းသားတွေရဲ့အမှတ်ကို ဆုံးဖြတ်ရာမှာ ပြဿနာ ဖြေရှင်းနည်း ဖော်ထုတ်တဲ့စနစ်ကို မှီခိုခဲ့လို့ ပညာရေးဝန်ကြီးဟာ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံခဲ့ရပါတယ်။ တချို့ ကျောင်းသားတွေ တက္ကသိုလ်ဝင်ခွင့် ထိခိုက်ခဲ့တဲ့အထိ မမျှတတဲ့ အမှားအယွင်းတွေ တွေ့အပြီးမှာ ဒီစနစ်ကို စွန့်ပစ်ဖို့ ဝန်ကြီးဟာ ဖိအားပေး ခံခဲ့ရပါတယ်။ အဲဒီအစား ဆရာတွေက ကျောင်းသားတွေရဲ့အမှတ်ကို စဉ်ဆက်မပြတ် အကဲခတ် အမှတ်ပေး စနစ်နဲ့ အစားထိုးခဲ့ပေမဲ့ ကျောင်းသားတွေကတော့ သူတို့ အမှတ်က နိမ့်လွန်းတယ်လို့ ခံစားခဲ့ကြရပါတယ်။ 
5 months Ago

June 14, 2020

ကိုရိုနာကပ်ဘေး နီပေါအစိုးရ၏ကိုင်တွယ်မှုအပေါ် ဆန့်ကျင်ဆန္ဒပြ

နီပေါနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးအကြပ်အတည်းအပေါ် အစိုးရက ကိုင်တွယ်ပုံကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေအတွင်း မြို့ တော် ခတ္တမန္ဒူမှာ လူရာချီ စုဝေးခဲ့ကြပါတယ်။  ဒါကြောင့် ရဲတွေက နိုင်ငံခြားသား ၇ ယောက် အပါအဝင် လူ ၁၀ ယောက်ကို ဇွန်လ ၁၃ ရက်က ဖမ်းခဲ့ကြတယ်လို့ အရာရှိတွေက ပြောပါတယ်။  နီပေါနိုင်ငံမှာ ဒုတိယမြောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလူနာကို တွေ့ခဲ့တဲ့ မတ်‌လကတည်းက တနိုင်ငံလုံးကို အသွားအလာ လုံးဝကန့်သတ်ပိတ်ပင်ခဲ့တာပါ။ ဒါပေမဲ့ ကူးစက်ခံ ဦးရေက ၅၀၆၂ ယောက်ထိ တိုးလာပြီး ကူးစက်ခံ ၁၆ ယောက် သေဆုံးခဲ့ပါတယ်။ ကူးစက်မှု ထိန်းချုပ်ရေးအစိုးရက လုံလောက်အောင် မလုပ်တဲ့အတွက် ဝေဖန်ပြစ်တင် ခံခဲ့ရပါတယ်။ ခတ္တမန္ဒူမြို့တော်မှာ ၃ ရက် မြောက်ဆန္ဒပြပွဲကို ခန့်မှန်းခြေ လူအယောက် ၁၀၀၀ လောက် စုဝေးခဲ့တယ်လို့ ရဲအရာရှိတွေက ပြောပါတယ်။ ဒီသီတင်းပတ် အစောပိုင်းမှာ ဝန်ကြီးချုပ် အိမ်နားက ရဲတွေက နံပါတ်တုတ်တွေ၊ ရေအမြောက်တွေနဲ့ မျက်ရည်ယို ဓာတ်ငွေ့တွေကို သုံးပြီး ဆန္ဒပြ လူအုပ်ကို လူစုခွဲခဲ့ပါတယ်။  ဆန္ဒပြသူတွေက ရောဂါခြေချုပ် ပံ့ပိုးမှုအင်္ဂါရပ်တွေ ပိုကောင်းကောင်းစီစဉ်ပေးဖို့၊ စမ်းသပ်မှု တွေ တိုးလုပ်ဖို့နဲ့ အကြပ်အတည်း တိုက်ဖျက်ရေး ဆေးဝါးအထောက်အပံ့တွေ ဝယ်ရာမှာ ပွင့်လင်း မြင်သာမှု ရှိရေးတွေကို တောင်းဆိုနေကြပါတယ်။  ကမ္ဘာ့ကူးစက်ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် နီပေါအစိုးရဟာ အမေရိကန် ဒေါ်လာ ၈၉ သန်း သုံးခဲ့ပြီးပြီလို့ ပြောပါတယ်။  စမ်းသပ်မှု ၃၁၀,၀၀၀ လုပ်ခဲ့ပြီး လူ ၁၅၈,၀၀၀ ကို ရောဂါခြေချုပ်နဲ့ ထိန်းသိမ်းထားခဲ့ပါတယ်။ ဒါပေမဲ့ လူသန်း ၃၀ ရှိတဲ့ နီပေါမှာ ဒီလောက်လုပ်ရုံနဲ့ မလုံလောက်ဘူးလို့ တက်ကြွ လှုပ်ရှားသူတွေက ပြောထားပါတယ်။
12 months Ago
More News
Up