ကိုရစ်ချက်စိုးနဲ့ ကိုဝေဖြိုးသူ

October 23, 2021

တောင်ငူစစ်ကြောရေးတွင် ဖမ်းဆီးခံထားရသည့် လူငယ် ၁ ဦး ထပ်မံ သေဆုံး

ပဲခူးတိုင်း၊ တောင်ငူမြို့ ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်  စစ်ကြောရေးမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့  နောက်ထပ် ဒေသခံ လူငယ်တဦး  အောက်တိုဘာ ၂၂ ရက်နေ့က သေဆုံးသွားတယ်လို့ သိရပါတယ်။

ဒေသခံ လူငယ်နှစ်ဦးဖြစ်တဲ့  ကိုရစ်ချက်စိုးနဲ့ ကိုဝေဖြိုးသူတို့ကို  ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးနေတာဖြစ်ပြီး  ကိုဝေဖြိုးသူက အောက်တိုဘာ ၂၁ ရက်နေ့မှာ သေဆုံးသွားကာ  ကိုရစ်ချက်စိုးဟာလည်း အောက်တိုဘာ ၂၂ ရက် မနေ့က သေဆုံးသွားပြီလို့ သူတို့နဲ့ နီးစပ်သူက ပြောပါတယ်။ 

တောင်ငူမြို့၊ အမှတ်-၂၂ ရပ်ကွက်၊ ခပေါင်းရွာဦး ၁ လမ်းနဲ့ ၂ လမ်းကြားမှာ အောက်တိုဘာ ၁၉ ရက် မနက်က ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဒေသခံ ကိုရစ်ချက်စိုးနဲ့ ကိုဝေဖြိုးသူတို့ နှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

သူတို့နှစ်ယောက်က မိုင်းစမ်းသပ်နေတုန်းမှာ ပေါက်ကွဲသွားတာဖြစ်ပြီး၊ ဝေဖြိုးသူလက်မှာ ဒဏ်ရာနည်းနည်းရသွားကြောင်း၊ ပေါက်ကွဲမှုဖြစ်တော့ သူတို့ထွက်ပြေးရင်းနဲ့ လမ်းမှာ ဖမ်းမိသွားတဲ့အပြင်  အနီးအနားမှာရှိတဲ့ ဂိုဒေါင်ထဲက ပစ္စည်းတွေလည်း မိသွားတယ်လို့ နီးစပ်သူတစ်ဦးက DVB ကို ပြောပါတယ်။

ထိခိုက်ဒဏ်ရာရသွားတဲ့ ကိုဝေဖြိုးသူဟာ အဖမ်းခံရပြီးတဲ့နောက် ဆေးရုံတက် ကုသမှုခံယူခဲ့ပေမဲ့ အောက်တိုဘာ ၂၁ ရက်မှာတော့ တောင်ငူ တပခ စစ်ကြောရေးမှာ ကျဆုံးသွားတယ်လို့ အဲဒီနီးစပ်သူက ပြောပါတယ်။

အောက်တိုဘာ ၂၂ ရက်မှာ ကိုရစ်ချက်စိုးလည်း တောင်ငူ တပခ စစ်ကြောရေးမှာပဲ ထပ်မံ ကျဆုံးသွားတယ်လို့ သိရပါတယ်။

တောင်ငူမြို့မှာ ဖမ်းဆီးခံရပြီးနှောက် သေဆုံးမှုဖြစ်စဉ်ဟာ အခုတစ်ကြိမ် ပထမဆုံးဖြစ်ပြီး သေဆုံးသူတွေရဲ့ ရုပ်အလောင်းကို ပြန်မရသေးဘူးလို့ နီးစပ်သူတွေက ပြောပါတယ်။ 

တောင်ငူမြို့မှာ အောက်တိုဘာလ ၁၈ ရက်နေ့က ဒလန်လို့ နာမည်ကြီးနေတဲ့ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ အသတ်ခံလိုက်ရပြီးတဲ့နောက် လုံခြုံရေးစစ်ဆေးမှုတွေ ပိုမိုတင်းကျပ်လာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

3 months Ago
Up