ကိုရင်ငယ်လေးများ မိုင်းထိခဲ့သည့် မိုင်းရင်ရွာတွင် မြေမြှုပ်မိုင်း၂၃ လုံးထပ်မံတွေ့ရှိ

May 10, 2017

ကိုရင်ငယ်လေးများ မိုင်းထိခဲ့သည့် မိုင်းရင်ရွာတွင် မြေမြှုပ်မိုင်း၂၃ လုံးထပ်မံတွေ့ရှိ

  ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် နမ္မတူမြို့နယ် မိုင်းရင်ရွာ ဘုန်းကြီးကျောင်းဝင်းထဲမှာ တပ်မတော်စခန်းဟောင်းအကြွင်းအကျန် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ကိုရင်ငယ် ၈ ပါး ဒဏ်ရာရပြီးတဲ့နောက်  ကိုရင်တွေ မိုင်းကောက်ရခဲ့တဲ့ နေရာမှာဘဲ နောက်ထပ်မြေမြှုပ်မိုင်း ၂၃ လုံး ရှာဖွေတွေ့ရှိခဲ့ပါတယ်။ မိုင်းရင်ကျေးရွာ ဘုန်းကြီးကျောင်းအနောက်ဘက်  ကိုက် ၁၅၀ လောက်သာ ကွာဝေးတဲ့ ဦးစိုင်းလရဲ့ ခြံထဲမှာ မေ ၈ ရက်နေ့က ခြံရှင်းရင်း မြေမြှုပ်မိုင်းတွေ တစွန်းတစပေါ်နေတာတွေ့လို့ တပ်မ၃၃ လက်အောက်ခံ တပ်ရင်း ၇၆ တာဝန်ရှိသူတွေကို သွားရောက် အကြောင်းကြားခဲ့တယ်လို့  မိုင်းရင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းထွန်းလင်းကပြောပါတယ်။ “ ခြံရှင်းတော့ မြေကြီးထဲမှာ မြေမြှုပ်မိုင်းတွေ ပေါ်နေတာတွေ့လို့ မတူးရဲဘဲ မိုင်းရင်မှာရောက်နေတဲ့ တပ်မတော်ကို သွားအကြောင်းကြားတာ။ မနေ့ကတော့ တပ်မတော်သား ၅ ယော က် ၆ ယောက် ရောက်လာပြီး တူးဖော်ပေးကြတယ်။ ၁ ဧကကျော်လောက်ရှိတဲ့ သူတို့ ခြံထဲမှာ စုစုပေါင်း မိုင်းနောက်ထပ် ၂၃ လုံး ထပ်တွေ့တယ်။ အဲဒါ အကုန်ရေထဲပစ်ချလိုက်ပြီ။ ” တပ်မတော်သားတွေက မိုင်းတွေကုန်သလောက်ရှိပြီဖြစ်ကြောင်း ၊ ဒါပေမယ့် တတ်နိုင်ရင် အဲဒီခြံမြေမှာ လုပ်ကိုင်စားသောက်တာ မပြုဖို့ မှာသွားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ခြံပိုင်ရှင်ကတော့ လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်က အသိမ်းခံထားရတဲ့မြေတွေ မနှစ်ကမှ တပ်မတော်က ပြန်အပ်လို့ ပြန်လည်လုပ်ကိုင်ခွင့်ရပြီးမှ မကြာသေးဘဲ  နောက်တဖန်ပြန်ပြီးမစွန့်လွှတ်ချင်တာကြောင့် တပ်မတော်အနေနဲ့ မိုင်းအစအနပေါ်တဲ့ နေရာမှာတင် တူးဖော်ရုံမကဘဲ ကျန်တဲ့နေရာတွေမှာလည်း လာရောက်ရှာဖွေရှင်းလင်းပေးဖို့ ခြံပိုင်ရှင်က တောင်းဆိုထားပါတယ်။ မေ ၈ ရက်နေ့က မိုင်းတွေကို ဘောလုံးကို  ဆော့ကစားရင်း ဒဏ်ရာရသွားတဲ့ကိုရင် ၈ ပါးအနက် ၀မ်းဗိုက်ကို ထိထားတဲ့ ကိုရင် ၃ ပါး အခုထက်ထိ လားရှိုးဆေးရုံ အရေးပေါ်ခန်းထဲမှာဘဲရှိနေပြီး စိုးရိမ်ရတဲ့အခြေအနေမှာရှိကြောင်း၊ ခေါင်းမှာထိပြီး မန္တလေးဆေးရုံပို့ထားရတဲ့ ကိုရင်ကတော့ သက်သာလာပြီလို့ ရွာသူကြီးကပြောပါတယ်။ ဒဏ်ရာရ ကိုရင် ၈ ပါးကို ရှမ်းပြည်နယ်အစိုးရက တစ်ပါးကို ကျပ် ၅ သောင်း၊ နမ္မတူမြို့နယ် ဥက္ကဋ္ဌက တစ်ပါးကို ကျပ် ၅ သောင်း၊ လားရှိုးခမ်းကူစင်တာက တစ်ပါးကို ၅ သောင်း၊ မိုင်းရင် ကျောင်းထိုင်ဆရာတော်မက တပါးကို ကျပ် ၅ သောင်း၊ လားရှိုးရှမ်းစာပေယဉ်ကျေးမှုအဖွဲ့က  တပါးကို ၂ သောင်း ၅ ထောင် ထောက်ပံ့ကူညီခဲ့ပါတယ်။ ဒါ့အပြင် လားရှိုးဓာတ်ပုံတိုက်နဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေလည်း  လာရောက် ကူညီ ကြကြောင်း၊ ဆေးရုံက ကုန်ကျစရိတ်တော့ ထွက်မလာသေးလို့ ဘယ်လောက်ကုန်မယ် မသိသေးဘူးလို့  မိုင်းရင်သူကြီး ဦးစိုင်းထွန်းလင်းက ပြောပါတယ်။ ဓာတ်ပုံ - Sai Han Tai
4 years Ago
Up