ကိုယ်ဝန်ဖျက်ချမှု

January 25, 2020

ကိုယ်ဝန်ဖျက်ချမှု ဆန့်ကျင်ရေး ချီတက်ပွဲ သမ္မတထရမ့် တက်ရောက်

သမ္မတ ဒေါ်နယ်ထရမ့်ဟာ ‘ကိုယ်ဝန်ဖျက်ချမှု ဆန့်ကျင်ရေး ချီတက်ပွဲ’ကို ပထမဆုံး တက်ရောက်တဲ့ အမေရိကန်သမ္မတ ဖြစ်လာခဲ့ပါတယ်။ ဇန်နဝါရီလ ၂၄ ရက်က ဝါရှင်တန်မြို့မှာ ကျင်းပတဲ့ “အသက်အတွက် ချီတက်ပွဲ” အခမ်းအနားကို နိုင်ငံတဝန်းက ထောင်ချီတဲ့ ဆန္ဒပြသူတွေ လာရောက်စုဝေးခဲ့ပါတယ်။  ဒီအခမ်းအနားကို ၁၉၇၃ ခုနှစ်က စတင်ခဲ့ပြီး နှစ်စဉ် ပုံမှန်ကျင်းပခဲ့တာပါ။ ရိုးနဲ့ ဝိတ်ဒ် စီရင်ချက်မှာ အမေရိကန် တရားရုံးချုပ်က အမျိုးသမီးတယောက်ရဲ့ ဖွဲ့စည်းပုံဥပဒေအရ ကိုယ်ဝန်ဖျက်ချခွင့်ကို အတည်ပြုခဲ့ပါတယ်။ ၂၀၂၀ အမေရိကန်သမ္မတ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးချိန် နီးကပ်လာတာနဲ့အမျှ ကိုယ်ဝန်ဖျက်ချခွင့်ဟာလည်း ကွဲပြားမှုအဖြစ်ဆုံး ပြဿနာတွေထဲက တခု ဖြစ်ပါတယ်။  ကိုယ်ဝန်ဖျက်ချခွင့် ဆန့်ကျင်သူတွေက ကိုယ်ဝန်ဖျက်ချတာဟာ ဘာသာရေး ယုံကြည်ချက်အရ ကျင့်ဝတ်နဲ့ မညီဘူးလို့ ဆိုပါတယ်။ ကိုယ်ဝန်ဖျက်ချခွင့် လှုပ်ရှားသူတွေကလည်း ဒါဟာ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်နဲ့ သူတို့အနာဂတ်အတွက် ဖွဲ့စည်းပုံက ပေးအပ်ထားတဲ့ အခွင့်အရေးဖြစ်တယ်လို့ ပြောပါတယ်။  သမ္မတ ထရမ့်ကတော့ “ဘုရားသခင် ပေးအပ်ထားတဲ့  ကလေးတိုင်းရဲ့ လူဖြစ်ခွင့်ကို ကာကွယ်ပေးဖို့ ဒီကနေ့ အခမ်းအနားကို တက်ရောက်တာ”လို့  ပြောခဲ့ပါတယ်။  အရွယ်ရောက်ပြီးသူ အမေရိကန်နိုင်ငံသား ၅၈ ရာခိုင်နှုန်းက ကိုယ်ဝန်ဖျက်ချတာကို ဥပဒေအရ ခွင့်ပြုသင့်တယ်လို့ ပြောဆိုကြောင်း ရိုက်တာနဲ့ Ipsos တို့ ပူးပေါင်းလုပ်တဲ့ မနှစ်က လူထုစစ်တမ်းအရ သိရပါတယ်။
1 year Ago
Up