ကိုယ်ဝန်ဆောင်

September 3, 2021

စစ်တပ်ပစ်သတ်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ကျဆုံးပြည်သူ ၁၀၄၃ ဦးရှိလာ

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၇ လကျော်အကြာ အကြမ်းဖက်စစ်တပ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၀၄၃ ယောက်ထိရှိပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ စက်တင်ဘာ ၂ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်း ပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၇၇၆၈ ယောက် ဖမ်းဆီးခံခဲ့ရကာ ၆၁၃၂ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက အယောက် ၂၆၀ ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူအရေအတွက်ကတော့ ၁၉၈၄ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကတိုက်ကျေးရွာအုပ်စု၊ အောင်သစ္စာအောင်မေတ္တာ ရပ်ကွက်မှာ မနေ့က စက်တင်ဘာ ၁ ရက်ည ၁၀ နာရီကျော်လောက်က အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခဲ့တဲ့အတွက် ကိုယ်ဝန် ၅ လွယ်ထားခဲ့သူ မအိသွယ်မိုးဟာ နေ ရာတင် ကျဆုံးသွားခဲ့ပြီး သူ့ရဲ့ ခင်ပွန်းဖြစ်သူ ကိုမင်းနေလွင်(ခ)ပူးဒေးမှာ နားကို ကျည်ထိမှန်ခဲ့ပြီး အပြင်းအထန် ဒဏ်ရာရရှိသွားခဲ့ပါတယ်။ မအိသွယ်မိုးဟာ ငါးရှာထွက်တဲ့ ခင်ပွန်းကို သွားကြိုပြီး အိမ်ကို အတူပြန်လာချိန်မှာ ပစ်ခတ်ခံခဲ့ရတာလို့ သိရှိရပါတယ်။

ဩဂုတ် ၃၁ ရက်နေ့၊ မနက် ၃ နာရီလောက်မှာတော့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်က ကိုသန်းစိုးအောင်ဟာ ဆိုင်ကယ်စီးပြီး ငါးပိုက်သွားဖြုတ်ချိန် မြဝတီဘဏ်စောင့်တဲ့ စစ်သားတွေ ပစ်ခတ်ခဲ့တဲ့အတွက် ဆီးခုံကိုကျည်ထိမှန်ခဲ့ပြီး ဆေးရုံ ရောက်ချိန်မှာ ကျဆုံးသွားခဲ့တယ်လို့ သိရှိရပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒထုတ်ဖော်နေချိန် ပစ်ခတ်ခံခဲ့ရတာကြောင့် ကျဆုံးသွားခဲ့တဲ့ ညီညီအောင်ထက်နိုင်ရဲ့ မိခင်ဖြစ်သူ ဒေါ်ဝင်းမာကို အကြမ်းဖက်စစ်အုပ်စုက စက်တင်ဘာ ၁ ရက်နေ့က နေအိမ်မှာ ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။ ညီညီအောင်ထက်နိုင်ရဲ့ အမြွှာအစ်ကိုဖြစ်သူ ကိုကိုအောင်ထက်နိုင်ကို မဖမ်းမိတာကြောင့် မိခင်ဖြစ်သူကို ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့တာလို့ ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ကို အကြမ်းဖက်စစ်အုပ်စုက ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်က နေအိမ်တလုံးမှာ ဩဂုတ် ၃၁ ရက်နေ့က ဖမ်းဆီးသွားခဲ့တယ်လို့လည်း သိရပါတယ်။

အေအေပီပီအနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ်စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံ ထားရသူတွေစာရင်းကို နေ့စဉ်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အသိပေးအကြောင်းကြားဖို့ အသိ ပေးထားပါတယ်။

1 year Ago

August 9, 2020

ထောက်ပံ့ကြေး ၃ သောင်းကို ကိုယ်ဝန်ဆောင်သည်များ မိုဘိုင်းအပလီကေးရှင်းက လျှောက်နိုင်

ပြည်နယ်နဲ့တိုင်းဒေသကြီး ၉ ခုက ကိုယ်ဝန်ဆောင်သည်တွေကို ထောက်ပံ့ကြေး ၃ သောင်းပေးဖို့  မိုဘိုင်းအပလီကေးရှင်းကနေ လျှောက်ထားနိုင်အောင် စီစဉ်ထားတယ်လို့ လူမှုကာကွယ်စောင့်ရှောက်ရေးဌာနခွဲက ပြောပါတယ်။  ကိုဗစ်-၁၉ ကာလအတွင်း နေပြည်တော်ကောင်စီနယ်မြေ၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရန်ကုန်၊ မန္တလေး၊ ပဲခူးနဲ့ တနင်္သာရီတိုင်းဒေသကြီးတွေက  ကိုယ်ဝန်ဆောင်သည်တွေအတွက် တကိုယ်ရေသုံးပစ္စည်းဝယ်ယူဖို့စတဲ့ ထောက်ပံ့ငွေကျပ် ၃ သောင်း တကြိမ်ထောက်ပံ့ဖို့ စီစဉ်နေတာပါ။  ဒီထောက်ပံ့မှုတွေကိုတော့ Google Play Store နဲ့ Apple Store တို့ကနေ ငွေဗိုက်အပလီကေးရှင်းကို ဒေါင်းလုပ်ရယူပြီး လျှောက်ထားရမှာပါ။  ဒါ့အပြင် နီးစပ်ရာလူကယ်ပြန်ရုံးတွေမှာ လူကိုယ်တိုင်လျှောက်ထားနိုင်သလို အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းတွေကနေလည်း လျှောက်ထားနိုင်တယ်လို့ ပြောပါတယ်။  မိုဘိုင်းအပလီကေးရှင်းနဲ့ လျှောက်ထားတာဟာ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေက ဒေတာအချက်အလက်တွေကို စောင့်စရာမလိုသလို တဆင့်ခံပေးစရာမလိုတဲ့အတွက် သုံးစွဲသူလက်ထဲကို ထောက်ပံ့ကြေး မြန်မြန်ရောက်နိုင်ပြီး အချက်အလက်မှန်မမှန် အချိန်နဲ့တပြေးညီစစ်ဆေးနိုင်တယ်လို့ လူမှုဝန်ထမ်းဦးစီးဌာန၊ လူမှုကာကွယ်စောင့်ရှောက်ရေးဌာနခွဲ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖူးငုံလှိုင်က ပြောပါတယ်။ ကိုယ်ဝန်ဆောင်သည်တွေအနေနဲ့ အစိုးရဆေးရုံ၊ ကျန်းမာရေးဌာနတွေရဲ့ ထောက်ခံချက်ဖြစ်စေ၊ တရားဝင်မှတ်ပုံတင်ထားတဲ့ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေရဲ့ ထောက်ခံချက်ရယူပြီး သြဂုတ် ၁၁ ရက်နေ့ကနေ စက်တင်ဘာ ၁၅ ရက်အတွင်း လျှောက်ထားရမှာပါ။  ဆင်းခြေဖုံးရပ်ကွက်က ကိုယ်ဝန်ဆောင်သည်တွေအနေနဲ့ ဖုန်းအသုံးမပြုနိုင်သူတွေရှိနေသလို နည်းပညာနားမလည်နိုင်တာတွေနဲ့ အစိုးဌာနတွေကို မသွားတတ်တာကြောင့် ရပ်ကွက်ရုံးတွေကနေ စာရင်းကောက်ယူပေးဖို့ ကိုယ်ဝန်ဆောင်သည်တဦးဖြစ်တဲ့ မသန္တာဝင်းက တောင်းဆိုပါတယ်။ အစိုးရထောက်ပံ့မှုပေးမယ့်အပေါ် ရပ်ကွက်ရုံးတွေမှာ ကိုယ်ဝန်ဆောင်သည်အားလုံးကို တနေရာတည်းမှာခေါ်ပြီး လျှောက်ထားနိုင်အောင်လုပ်ပေးမှသာ အဆင်ပြေနိုင်မယ်လို့ ဆိုပါတယ်။ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေနဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကစပြီး ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ သူတို့ရဲ့ မွေးဖွားလာတဲ့ကလေးတွေကို ၂ နှစ်သားအရွယ်အထိ ၃ လတစ်ကြိမ် ငွေကြေးထောက်ပံ့မှုတွေ ပေးနေတာပါ။  ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကရင်နဲ့ကယားပြည်နယ်တွေက မိခင်နဲ့ကလေး ၂ သိန်းကျော်ကို ၃ လတကြိမ် ငွေကြေးထောက်ပံ့ပေးနေသလို ဧရာဝတီတိုင်းနဲ့ရှမ်းပြည်နယ်ကိုလည်း ၃ လတကြိမ‌ေ ထောက်ပံ့မှုပေးတာ တိုးမြှင့်ထားပါတယ်။
2 years Ago
More News
Up