ကိုယ်ပိုင်အိမ်မရှိသူ

March 12, 2020

ဆန်ဖရန်စစ္စကိုတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံ အိမ်ခြေမဲ့များထားရန် အပန်းဖြေယာဉ်မိတ်ဆက်

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ ကိုယ်ပိုင်အိမ်မရှိသူတွေကို သီးခြားထားရှိဖို့  ဆန်ဖရန်စစ္စကို မြို့မှာ အပန်းဖြေယာဉ် (RV)ယာဉ်အစီး ၃၀ ကို တာဝန်ရှိသူတွေက အများပြည်သူကို ပြသခဲ့ပါတယ်။  တန်ဖိုးအားဖြင့်  အမေရိကန်ဒေါ်လာ ၄၄၀၀၀၀ အထက်ရှိတဲ့ အဲဒီ ယာဉ်အစီး ၃၀ ကို   ပြည်သူ့ကျန်းမာရေးဌာန ဒါမှမဟုတ် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့တွေကဆင့် လူပုဂ္ဂိုလ် တဦးချင်းစီ သုံးစွဲနိုင်တော့မှာပါ။ ဒီလိုလုပ်တဲ့ ရည်ရွယ်ချက်က ကိုရိုနာဗိုင်းရပ်စ် ထပ်မံပျံ့နှံ့လာပါက ယာဉ်တွေ အဆင်သင့်ရှိနေဖို့ ဖြစ်တယ်လို့ အရေးပေါ် စီမံခန့်ခွဲရေးပြင်ပရေးရာဌာန ညွှန်မှူး ဖရန့်စစ် ဇမ်မိုရာက ပြောခဲ့ပါတယ်။ “ကျနော်တို့မှာ အငှားချထားတဲ့ အပန်းဖြေယာဉ်တွေရှိပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ရှိပြီး ဆေးရုံတက်ဖို့ မလိုတဲ့လူတွေကို ထိထိရောက်ရောက် စောင့်ကြည့်ဖို့ နေရာ ရှာမတွေ့သူတွေအတွက်  ဒီယာဉ်တွေကို ရည်ရွယ်ပါတယ်။ လူတွေအများကြီးနဲ့ နေရသူတွေ၊ တယောက်ခန်းမှာ နေရသူတွေနဲ့ အိမ်ခြေမဲ့တွေအတွက် ရည်ရွယ်ပါတယ်။”  ဆန်ဖရန်စစ္စကိုမြို့မှာ ယာယီစခန်းတွေမှာနေတဲ့၊ လမ်းပေါ်မှာနေတဲ့ ခန့်မှန်း လူ အယောက် ၈၀၀၀ လောက်ရှိပါတယ်။  ဒါ့အပြင် မတ် ၁၀ ရက်အထိ ဆန်ဖရန်စစ္စကိုမြို့မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၄ ယောက် အတည်ပြုထားပြီး အမေရိကန် တနိုင်ငံလုံးဆိုရင်တော့ ကူးစက်ခံရသူ ၁၀၀၀ လောက် ရှိလာပါတယ်။  ဒါကြောင့်မို့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်လာရင် ကြိုတင်ကာကွယ်ဖို့ တာဝန်ရှိသူတွေဟာ အခုလို RV ယာဉ်တွေအပြင် ဒေသခံဟိုတယ်တွေနဲ့ ပူးပေါင်းပြီး သီးခြားထားလို့ရမယ့် ဟိုတယ်ခန်း တွေကိုလည်း ရှာဖွေနေပါတယ်။ 
2 years Ago
Up