ကိုယ်ထူကိုယ် ကိုဗစ်ကုသရေးစင်တာ

June 29, 2021

ကလေးမြို့တွင် ကိုယ်ထူကိုယ်ထ ကိုဗစ်ကုသရေးစင်တာ ဖွင့်လှစ်

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ကိုဗစ်-၁၉ ရောဂါကူးစက်ပြီး နေ့စဉ် ၁၅ ယောက်ကျော်သေဆုံးနေတာ‌ကြောင့် ခရစ်ယာန်ဘုန်းတော်ကြီးတွေ ဦးဆောင်ပြီး ကိုယ်ထူကိုယ်ထ ကိုဗစ်စင်တာကို ဇွန် ၂၇ ရက်နေ့က ဖွင့်လှစ်လိုက်ပါတယ်။

ဒေသခံတစ်ဦးက “အခု ကိုဗစ်စင်တာကို ခရစ်ယာန်ဘုန်းကြီးတွေကနေ ဦးဆောင်ပြီး ဖွင့်လှစ်လိုက်တယ်။ ကလေးမြို့ သဇင်ရပ်ကွက် LCEC ကိုယ်ပိုင်ကျောင်းမှာ ဖွင့်လှစ်ထားတယ်။ အခုဖွင့်လိုက်တဲ့ ဆရာဝန်တွေနဲ့ စေတနာ့ဝန်ထမ်း ၂၅ ယောက်က ရောဂါရှာဖွေရေးနဲ့ကုသရေးမှာ ပါဝင်ကူညီဆောင်ရွက်သွားမယ်” လို့ ပြောပါတယ်။

စစ်ကောင်စီ အာဏာပိုင်တွေ ဖွင့်ထားတဲ့ ပြည်သူ့ဆေးရုံနဲ့ ဆေးစစ်တဲ့စင်တာမှာတော့ ဆရာဝန်တွေနဲ့ ဝန်ထမ်းမလောက်မှုကြောင့် အခက်အခဲရှိတယ်လို့ ဆိုပါတယ်။ 

ကိုဗစ်ကူးစက်ခံရသူ အများစုဟာ အဲဒီစင်တာတွေမှာ သွားရောက်မပြသဘဲ အိမ်တွေမှာ ကုသမှုတွေ ပြုလုပ်နေကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စင်တာပရဟိတလုပ်ကိုင်သူတစ်ဦးက “ကလေးမြို့မှာ ဇွန် ၂၈ ရက်နေ့အထိ ကိုဗစ်ကြောင့် သေဆုံးသူ အယောက် ၂၀ ရှိတယ်လို့ ပြောတယ်။ ဒါတွေက ဆေးရုံမှာ ကိုဗစ်စစ်ဆေးထားတွေ မရှိဘူး၊ ကလေးမြို့ ပြည်သူ့စာရင်းတွေက အခုချိန်ထိ ၃၃ ဦးသာရှိတယ်” လို့ ပြောပါတယ်။

ကလေးမြို့မှာ ဇွန်လ ၂၈ ရက်နေ့ထိ ကိုဗစ်-၁၉ ကူးစက်သူ စုစုပေါင်း  ၇၇၂ ယောက်ရှိတယ်။

7 months Ago
Up