ကိုယ်စားလှယ်အဖွဲ့

August 1, 2020

မန်ယူနှင့် အဲဗာတန် စိတ်ဝင်စားနေသည့် ဂါဘရီရယ်၏ ကိုယ်စားလှယ်အဖွဲ့ ယူကေ ရောက်ရှိ

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အဲဗာတန်အသင်းတို့က စိတ်ဝင်စားနေတဲ့ လိုင်လီနောက်ခံလူ ဂါဘရီရယ် မာဂယ်ဟဲစ်ရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ကစားသမားရဲ့ အပြောင်းအရွှေ့အတွက် ယူကေကို ရောက်ရှိနေတယ်လို့ Metro သတင်းမှာဖော်ပြပါတယ်။  ယူနိုက်တက်အသင်းဟာ ဒေါ့မွန်အသင်းရဲ့ အင်္ဂလန်လက်ရွေးစင်ကစားသမား ဆန်ချိုကို ဒီနွေရာသီအပြောင်းအရွှေ့အတွက် အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားပေမယ့် နည်းပြ ဆိုးလ်ရှားကတော့ အသင်းခေါင်းဆောင် ဂယ်ရီမက်ဂွိုင်းယားနဲ့ တွဲဖက်ကစားဖို့ နောက်ခံလူတဦးကို ရှာဖွေနေဆဲ ဖြစ်ပါတယ်။  လက်စတာကနေ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ မက်ဂွိုင်းယားဟာ သူ့ရဲ့ပွဲဦးထွက်ရာသီမှာတင် ယူနိုက်တက်အသင်းအတွက် အထင်ကြီးလောက်စရာ ခြေစွမ်းကို ပြသနိုင်ခဲ့ပေမဲ့ တခါတရံမှာ တည်ငြိမ်မှုအားနည်းတဲ့ အမှားအယွင်းတွေ ရှိတတ်တာကြောင့် သူ့ကို ဖြည့်ကစားပေးနိုင်မယ့် မြန်နှုန်းမြင့် ဗဟိုနောက်ခံလူတဦးကို ဆိုးလ်ရှားက ရှာဖွေနေတာဖြစ်ပါတယ်။  လိုင်လီရဲ့ ဂါဘရီရယ်က ယူနိုက်တက်အသင်းရဲ့ ရေဒါထဲကိုပြီးခဲ့တဲ့ သီတင်းပတ်တွေကတည်းက ရောက်ရှိနေတာဖြစ်ပေမယ့် အသက် ၂၂ နှစ်အရွယ် နောက်ခံလူကို ခေါ်ယူဖို့အတွက် အဲဗာတန်အသင်းနဲ့ အဓိကယှဉ်ပြိုင်ရဖွယ် ရှိနေပါတယ်။  လက်ရှိအချိန်မှာ ဂါဘရီရယ်ရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ယူကေကို ရောက်ရှိနေပြီး ဒီနှစ်သင်းစလုံးနဲ့ စကားပြောဆိုဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ Sky Sports သတင်းမှာဖော်ပြပါတယ်။  ဂါဘရီရယ်ဟာ lock down ကာလမတိုင်ခင်မှာ အဲဗာတန်အသင်းနဲ့ ဆေးစစ်မှုခံယူခဲ့ပြီးပေမယ့် မာဆေးဆိုဒ်အသင်းဟာ ကစားသမားကိုခေါ်ယူဖို့အတွက် အဆုံးမသတ်နိုင်သေးဘဲ ရှိနေပါတယ်။  ဘရာဇီးလ်နောက်ခံလူဟာ လာမယ့်ရက်အနည်းငယ်အတွင်းမှာ သူ့အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချမှတ်သွားဖွယ်ရှိတယ်လို့ ယူဆရပါတယ်။  လိုင်လီအသင်းဟာ အေဂျက်ဇ်အသင်းနဲ့ နောက်ခံလူ ဆဲဗင် ဘော့မန်းကို ခေါ်ယူခဲ့ပြီးဖြစ်တာကြောင့် ဂါဘရီရယ်ကို ရောင်းထုတ်သွားဖို့ သေချာသလောက်ရှိနေပြီး လူငယ်နောက်ခံလူအတွက် ပေါင် ၂၇ သန်း လောက် လိုချင်နေပါတယ်။  ကစားသမားကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ်မှာ ကစားချင်ကြောင်း မကြာသေးခင်က ဝန်ခံပြောဆိုထားဖူးပါတယ်။
1 year Ago
Up