ကိုယ်စားလှယ်လောင်းများ

A d v e r t i s e m e n t With Us

December 4, 2020

လားရှိုးခရိုင်တွင် ကိုယ်စားလှယ်လောင်းများ မဲဆွယ်ကုန်ကျစရိတ် တင်သွင်းမှု နည်းပါး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်မှာ ၂၀၂၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့  မဲဆွယ်ကုန်ကျစရိတ် တင်သွင်းမှု လက်ရှိအချိန်ထိနည်းပါးနေသေးတယ်လို့ လားရှိုးခရိုင် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးအောင်စိုးမင်းက ပြောပါတယ်။ လားရှိုးခရိုင်မှာ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ပါတီတွေကတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ တအာင်း အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ပါတီနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ ဖြစ်ကြပါတယ်။ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း  ၈၉ ယောက်ရှိရာမှာ လက်ရှိအချိန်အထိ ၃၂ ယောက်သာ မဲဆွယ်ကုန်ကျစရိတ်တင်သွင်းပြီး ၅၇ ယောက်ကျန်ရှိနေသေးတယ်လို့ လားရှိုးခရိုင် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးအောင်စိုးမင်းက ပြောပါတယ်။ “ပါတီတွေကို စာနဲ့ရော၊ ဖုန်းနဲ့ပါ အ‌ကြောင်းကြားထားပါတယ်။ ကုန်ကျစရိတ်တွေ နောက်ဆုံးတင်သွင်းရမယ့်ရက်ဟာ ဒီဇင်ဘာ ၁၂ နေ့ ညနေ ၄ နာရီခွဲဖြစ်ပြီး စနေနေ့ဖြစ်ပေမယ့် လည်း ရုံးဖွင့်လှစ်ကာလက်ခံပေးမှာဖြစ်တယ်။” ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်အသုံးစရိတ်ဟာ ကျပ် ၈ သိန်း လောက်ကနေ ကျပ် သိန်း ၆၀ ကျော်ထိ ရှိနေပြီး မည်သူမဆိုကြည့်ရှုနိုင်ဖို့ ချိတ်ဆွဲထားကာ ဓာတ်ပုံ၊ ဗီဒီယိုတော့ ရိုက်ကူးလို့ မရဘူးလို့ သိရပါတယ်။ ရွေးကောက်ပွဲဥပဒေအရ ကိုယ်စားလှယ်လောင်းတွေဟာ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေး အသုံးစရိတ် ကျပ်သိန်း ၁၀၀ ထက် ကျော်လွန်သုံးစွဲတာနဲ့ နောက်ဆုံးရက်အထိ ကုန်ကျစရိတ်စာရင်း မတင်သွင်းခဲ့ဘူးဆိုရင် ကိုယ်စားလှယ်လောင်းအရည်အချင်းပျက်ယွင်းသူအဖြစ် သတ်မှတ်မှာဖြစ်ပြီး၊ အနီးဆုံးရွေးကောက်ပွဲမှာ ဝင်ရောက်ရွေးရွယ်ခံခွင့် တစ်ကြိမ်ဆုံးရှုံးမှာဖြစ်ပါတယ်။
3 months Ago

November 6, 2020

ကိုယ်စားလှယ်လောင်းများနှင့် မဲရုံကိုယ်စားလှယ်များ မဲရုံအတွင်း ပါတီရင်ထိုးတပ်ခွင့်ရှိ 

ရွေးကောက်ပွဲကျင်းပတဲ့ နိုဝင်ဘာ ၈ ရက်နေ့မှာ  လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ မဲရုံကိုယ်စားလှယ်တွေဟာ မဲရုံတွင်း ရင်ထိုးတံဆိပ် တပ်ဆင်ခွင့်ရှိပါတယ်လို့ လားရှိုးခရိုင် ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။ “ပါတီရင်ထိုး တပ်ခွင့်ပေးရတာဟာ မဲရုံအတွင်း တာဝန်ထမ်းဆောင်သူ ဘယ်သူဟာ ဘယ်ပါတီကမှန်း‌သဲသဲကွဲကွဲသိမှ ဖြစ်မှာမို့ပါ။ နိုဝင်ဘာ ၄ နေ့က ပြည်ထောင်စုကော်မရှင်အဖွဲ့ဝင်က လားရှိုးမြို့ထဲကမဲရုံတွေကိုလိုက်စစ်ရင်းလည်း တပ်ဆင်လို့ရကြောင်းပြောသွားပါတယ်”လို့ ခရိုင် ကော်မရှင် အဖွဲ့ဝင် ဦးတင်မောင်ရွှေက ဒီဗွီဘီကို ပြောပါတယ်။ ရွေးကောက်ပွဲ‌ကျင်းပတဲ့နေ့မှာ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ သူတို့ရဲ့ မဲရုံကိုယ်စားလှယ်တွေဟာ သက်ဆိုင်ရာပါတီရင်ထိုးတွေသာတပ်ဆင်ခွင့်ရှိပြီး၊ အမျိုးသားဝတ်စုံ တိုင်းရင်းသားဝတ်စုံကိုသာ ဝတ်ဆင်လာကြဖို့ အောက်တိုဘာ ၂၈ နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကညွှန်ကြားထားတယ်လို့ အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း တစ်ဦး က ပြောပါတယ်။ ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ မဲရုံအတွင်းနဲ့ မဲရုံမှ ကိုက် ၅၀၀ အကွာအတွင်းမှာ မဲဆွယ်သဘောသက်ရောက်တဲ့ ပါတီတွေရဲ့ အလံတွေ၊ အမှတ်အသားပါတဲ့ ဝတ်စားဆင်ယင်မှု၊ Mask၊ ဦးထုပ်၊ faceshield နဲ့ တခြားအသုံးအဆောင်ပစ္စည်းတွေကို ခွင့်မပြုကြောင်း ရွေးကောက်ပွဲကော်မရှင်က ကန့်သတ်ထားပါတယ်။ သတင်း - နန်းစပယ်
4 months Ago
Up