ပါတီအသီးသီးက ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းစာရင်းကို သြဂုတ်လ ၃၀ ရက်နေ့မှာ အတည်ပြုကြေညာမယ်လို့ ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူတွေက ပြောပါတယ်။
သြဂုတ် ၃၀ ရက်နေ့ မနက်ပိုင်းကစပြီး ပါတီအသီးသီးက တင်သွင်းထားတဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းစာရင်းကို ကော်မရှင်က သက်ဆိုင်ရာ ရပ်ကွက်၊ မြို့နယ်ရုံးတွေမှာ အတည်ပြု ကပ်ထား ကြေညာပေးတော့မှာပါ။
ကိုယ်စားလှယ်လောင်း အတည်ပြုချက်စာရင်းကို သြဂုတ် ၂၉ ရက်နေ့မှာ သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကျေးကော်မရှင်တွေက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆီကနေ ရယူကြရတာလို့ ရန်ကုန်အနောက်ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ပြောပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင်းစာရင်းကို အတည်ပြုထုတ်ပြန်ပြီးနောက် စက်တင်ဘာ ၈ ရက်နေ့ကစပြီး နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေဟာ စည်းရုံးရေးလုပ်ငန်းတွေကို စတင်ဆောင်ရွက်ခွင့်ရေတာ့မှာပါ။
ကိုဗစ်ကာလ ဖြစ်နေတဲ့အတွက် နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေဟာ ကျန်းမာရေးဆိုင်ရာ သတိနဲ့ လုပ်ငန်းဆောင်ရွက်ဖို့တော့ လိုမယ်လို့ ကျောက်တံတားမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်သင်းက ပြောပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ ပထမအကြိမ်မဲဆန္ဒရှင်စာရင်းကို ဇူလိုင် ၂၅ ရက်နေ့ကနေ သြဂုတ် ၁၄ ရက်နေ့အထိ သုံးပတ်ကြာ ကပ်ထားကြေညာပေးခဲ့ပါတယ်။
ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းကိုတော့ စက်တင်ဘာ ၂၀ ရက်နေ့မှာ ထပ်မံကြေညာပေးသွားဖို့ ရှိနေပါတယ်။
ပထမအကြိမ် မဲဆန္ဒရှင်စာရင်းကပ်တုန်းက အမှားအယွင်းများတယ်လို့ ဝေဖန်ခံခဲ့ရတဲ့အတွက် ဒုတိယအကြိမ်မှာ အမှားနည်းအောင် ကြိုးစားထားတယ်လို့ ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူတွေကပြောပါတယ်။
2 years Ago