ကိုယ်စားလှယ်လောင်

January 10, 2021

ရွေးကောက်ပွဲကုန်ကျစရိတ်မတင်သည့် ကိုယ်စားလှယ်လောင်းကို အမည်ပျက်စာရင်း ထုတ်မည်

၂၀၂၀ ရွေးကောက်ပွဲမှာ ကုန်ကျစရိတ် တင်သွင်းဖို့ ပျက်ကွက်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းကို အမည်ပျက်စာရင်း တင်သွင်းသွားမယ်လို့ ကရင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးက ဒီနေ့ ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ကရင်ပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပါတီ ၁၅ ပါတီနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း အပါအဝင် ၁၉၉ ယောက်ရှိပြီး ကိုယ်စားလှယ်လောင်း ၁ ယောက်ပဲ ကုန်ကျစရိတ်တင်သွင်းဖို့ ပျက်ကွက်ခဲ့တာပါ။

ရွေးကောက်ပွဲနည်းဥပဒေ ၇၇ အရ ရွေးကောက်ပွဲကုန်ကျစရိတ် တင်သွင်းဖို့ပျက်ကွက်ခဲ့တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီက ဗမာတိုင်းရင်းသားလူမျိုးရေးရာ နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းနဲ့ပတ်သက်ပြီး  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဆီကို တင်ပြထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်နယ် ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမောင်မောင်နိုင်က “လွှတ်တော်ကိုယ်စားလှယ်လောင်း အားလုံးကို  အနိုင်ရတဲ့သူတွေရော အနိုင်မရတဲ့သူတွေရော ဖုန်းနဲ့ အကုန်လိုက်ဆက်တယ်။ မရ ရအောင်လိုက်ဆက်တယ်။ သူကျတော့ ဆက်လို့မရတော့ သူ့ပါတီက ပါတီဥက္ကဋ္ဌကို  အကြိမ်ကြိမ်ဆက်တယ်။ ဒါနဲ့ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်ပြထားတယ်” လို့ ဆိုပါတယ်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးစောမောင်ကြီးကတော့ ကုန်ကျစရိတ်မတင်တာ ခရီးလွန်နေလို့ဖြစ်တယ်လို့ ပြောပါတယ်။

“မြဝတီကို ခရီးလွန်သွားတာ ဟုတ်တယ်။ ရွေးကောက်ပွဲကုန်ကျစရိတ်ရှင်းတမ်း မတင်တာကတော့ တစုံတခုသော အကြောင်းတရားကတော့ သူတို့ဆီမှာပဲ ရှိမယ်။ ကျနော်တို့ ပါတီအနေနဲ့ကတော့ ပွင့်ပွင့်လင်းလင်းပြောရင် ဥပဒေအတိုင်းဖြစ်သင့်ပါတယ်”လို့ ဆိုပါတယ်။

အဲဒီ ကိုယ်စားလှယ်လောင်းကို ဒီဗွီဘီက ဖုန်းနဲ့ဆက်သွယ်မေးမြန်းနိုင်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့်  ဆက်သွယ်လို့ မရခဲ့ပါဘူး။

၂၀၂၀ ရွေးကောက်ပွဲအတွင်း ကရင်ပြည်နယ်အတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်သူ့ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ စတဲ့ ပါတီ ၁၅ ခုက  ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့ပါတယ်။

ရဲမင်းခေါင်

4 months Ago

February 20, 2020

အမေရိကန်စကားစစ်ထိုးပွဲတွင် နယူးယောက်မြို့တော်ဝန်ဟောင်းအား ပစ်မှတ်ထားတိုက်ခိုက်

ဖေဖော်ဝါရီ ၁၉ ရက်ကပြုလုပ်တဲ့  အမေရိကန်ဒီမိုကရက်သမ္မတကိုယ်စားလှယ်လောင်းတွေရဲ့ ၉ ကြိမ်မြောက် စကားစစ်ထိုးပွဲမှာ ပါဝင်သူအားလုံးက နယူးယောက်မြို့တော်ဝန်ဟောင်း မိုက်ကယ်ဘလွန်းဘာ့ဂ်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။  စကားစစ်ထိုးပွဲမှာ အထက်လွှတ်တော်အမတ်တဦးဖြစ်တဲ့ ဘာနေဆန်းဒါးစ်က “ဘလွန်းဘာ့ဂ်ရဲ့ နယူးယောက်မြို့ မူဝါဒတွေဟာ အာဖရိကန်-အမေရိကန်တွေနဲ့ လက်တင်နွယ်တွေကို ခံပြင်းဖွယ် တားဆီးရှာဖွေတာ ဖြစ်တယ်။ အဲဒီနည်းနဲ့ လူထုထောက်ခံမဲ များလာမှာမဟုတ်ဘူး ”လို့ တိုက်ခိုက်ခဲ့ပါတယ်။  ဘလွန်းဘာ့ဂ်ကလည်း “အထက်လွှတ်တော်အမတ်က သမ္မတထရမ့်ကို နိုင်မယ့် အခွင့်အရေး မမြင်ဘူး” လို့ တုံ့ပြန်ခဲ့ပါတယ်။  အထက်လွှတ်တော်အမတ် အဲလိဇဘတ် ဝါရန်ကလည်း “ဒီမိုကရက်သမ္မတကိုယ်စားလှယ်လောင်း တဦးဟာ အခွန်ဆောင်မှတ်တမ်းတွေကို ဖုံးကွယ်တဲ့၊ အမျိုးသမီးတွေကို နှောင့်ယှက်ပြီး လူမျိုးရေးခွဲခြားတဲ့ မူဝါဒတွေကို အားပေးတဲ့ သမိုင်းကြောင်းရှိခဲ့ရင် ရွေးကောက်ပွဲမှာ ဒီမိုကရက်တွေ နိုင်မှာမဟုတ်ဘူး” လို့ ဘလွန်းဘာ့ဂ်ကို ရည်ရွယ်ပြောခဲ့ပါတယ်။  ဘီလျံနာ ဘလွန်းဘာ့ဂ်က သူရှာဖွေထားတဲ့ ငွေနဲ့ အဆိုးရွားဆုံး သမ္မတ ထရမ့်ကို  ဖယ်ရှားပစ်မယ်လို့ ပြောခဲ့ပါတယ်။  ဘလွန်းဘာ့ဂ်စကားကို တုံ့ပြန်တဲ့အနေနဲ့  “NBC သတင်းဌာနကလုပ်တဲ့ လူထုစစ်တမ်းမှာ ဒေါ်နယ်ထရမ့်ကို အနိုင်ရနိုင်သူဟာ ဂျိုးဘိုင်ဒင်လို့ ဖော်ပြတယ်” ဆိုပြီး ဒုသမ္မတဟောင်း ဂျိုးဘိုင်ဒင်က တုံ့ပြန်ခဲ့ပါတယ်။
1 year Ago
Up