ကိုယ်ဝန်ဆောင်ချစ်သူ

A d v e r t i s e m e n t With Us

February 17, 2016

ကိုယ်ဝန်ဆောင်ချစ်သူကို ရောင်းစားမှု စွပ်စွဲချက်ဖြင့် ဗီယက်နမ်တွင် ဖမ်းဆီး

ကိုယ်ဝန်ဆောင်နေတဲ့ မိမိရဲ့ချစ်သူ အပါအ၀င် အမျိုးသမီး ၇ ဦးကို တရုတ်နိုင်ငံဘက် ရောင်းစားခဲ့တဲ့ ဗီယက်နမ် အမျိုးသားတဦးကို ဖမ်းဆီထားတယ်လို့ ဗီယက်နမ်နိုင်ငံမြောက်ပိုင်း Lang Son ခရိုင် ရဲတပ်ဖွဲ့က ပြောပါတယ်။ သူ့ကို စစ်ဆေးချက်အရ ၃၄ နှစ်အရွယ် Ma Duy Tuan ဆိုသူ အမျိုးသားဟာ ၂၀၀၇ ခုနှစ်က နယ်စပ်ဖြတ်ကျော်ပြီး တရုတ်နိုင်ငံမှာ အထမ်းသမားလုပ်တုန်း ဗီယက်နမ်အမျိုးသမီး Thay ကို တွေ့ဆုံခဲ့ကြောင်း၊ လူကုန်ကူးသူ Thay က သူ့ကို ဗီယက်နမ်သူတဦး တရုတ်နိုင်ငံထဲ ခေါ်ဆောင်လာရင် တရုတ်ယွမ်ငွေ ၈၀၀၀ (အမေရိကန်ဒေါ်လာ ၁၂၃၀) ပေးမယ်ဆိုပြီး ကမ်းလှမ်းခဲ့တယ်လို့ ဗီယက်နမ် Thanh Nien News က ဆိုပါတယ်။ ဒီနောက် သူဟာ အဲဒီအချိန်တုန်းက ကိုယ်ဝန်ဆောင်နေတဲ့ သူ့ဇနီးသည်ကို ငွေပေးမယ်လို့ စတင်စည်းရုံး တိုက်တွန်းခဲ့သလို နောက်မှ ဗီယက်နမ်ကို ပြန်လည်ထွက်ပြေးဖို့ မှာကြားခဲ့ကြောင်း ဆိုပါတယ်။ ဇနီးသည်ကို ပထမဆုံး ရောင်းစားပြီးနောက် သူဟာ ဗီယက်နမ်အမျိုးသမီး နောက်ထပ် ၆ ဦးကို တရုတ်နိုင်ငံဘက်ကို ရောင်းစားခဲ့ပါတယ်။ ဒီနောက် လူကုန်ကူးကြတဲ့ သူတို့နှစ်ဦးစလုံးကို တရုတ်ရဲတပ်ဖွဲ့က ၂၀၀၈ ခုနှစ်မှာ ဖမ်းဆီးခဲ့ပါတယ်။ ဒီနောက် တရုတ်ထောင်မှာ လေးနှစ်နီးပါး ကျခံရပြီးနောက် ၂၀၁၄ ခုနှစ်မှာ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။ ဗီယက်နမ်ရဲတပ်ဖွဲ့က ရောင်းစားခဲ့တဲ့ Tuan ရဲ့ ချစ်သူအမျိုးသမီးနဲ့ တခြား ဓားစာခံ အမျိုးသမီးတဦးကို ပြန်လည်ကယ်တင်ခဲ့ပြီးနောက် Tuan ကို ဒီလအစောပိုင်းမှာ ထပ်မံဖမ်းဆီး စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံမှာ လူကုန်ကူးမှု ပြဿနာ ကြီးထွားနေတယ်လို့ နယ်ခြားစောင့်တပ်ဖွဲ့တွေရဲ့ အစီရင်ခံစာအရ သိရပါတယ်။ ၂၀၁၄ ခုနှစ်ဆန်းကနေ ၂၀၁၅ နှစ်လယ်ပိုင်း ကာလအတွင်း ဗီယက်နမ်အမျိုးသမီးနဲ့ ကလေးငယ် ၁၀၀၀ ကျော် နိုင်ငံရပ်ခြားကို လူကုန်ကူးခံနေရတဲ့အနက် အများစုဟာ ကမ္ဘောဒီးယားနဲ့ တရုတ်နိုင်ငံတွေဘက်ကို ပို့ဆောင်ခံကြရတယ်လို့ ဆိုပါတယ်။
5 years Ago
Up