ကိုယ့်ကိုယ်ကိုယ်မီးရှို့ပြီး မီးကွင်းထဲဖြတ်ကာ စတန့်ထွင် ဆိုင်ကယ်စီးနင်းပြခဲ့တဲ့ အဘိုးအိုတဦးရဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ အွန်လိုင်းပေါ်မှာ ရေပန်းစားနေခဲ့ပါတယ်။
ဒီအသည်းထိတ်စရာ စတန့်ပြကွက်ကို အသက် ၆၅ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ အဘိုးအို အန်ဒရေ ဒီကော့ခ်က စွမ်းရည်ပြသခဲ့တာပါ။
သူဟာ တောင်အာဖရိကနိုင်ငံ၊ ဂူတန်မြို့မှဖြစ်ပြီး နိုင်ငံရဲ့ သက်ရှိထင်ရှားရှိနေဆဲ အသက်အရှည်ဆုံး စတန့်သမားတဦး ဖြစ်ပါတယ်။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ စတန့်ပြကွက် မစတင်ခင်မှာ သူ့ရဲ့ခန္ဓာကိုယ်ကို အဝတ်တွေနဲ့ ပတ်ပြီး မီးလောင်လွယ်တဲ့ လောင်စာဆီတွေနဲ့ လောင်းပြီး စတင်ပြင်ဆင်ခဲ့တာကို တွေ့ရပါတယ်။
သူ့ရှေ့မှာတော့ ဟာလေဒေဗစ်ဆန် အမျိုးအစား ဆိုင်ကယ်တစီးရှိနေပြီး ဖြတ်မောင်းနှင်ရမယ့် အရှည် ၁၆ မီတာရှိ ဥမင်လိုဏ်ခေါင်းပုံ မီးကွင်းကလည်း အဆင်သင့် ရှိနေတာပါ။
အဲဒီနောက်တော့ သူ့ခန္ဓာကိုယ်ကိုရော၊ မီးကွင်းကိုပါ တပြိုင်တည်း မီးရှို့ခဲ့ကြကာ ဆိုင်ကယ်နဲ့ ဖြတ်မောင်းပြလိုက်ချိန်မှာတော့ ဘေးမှာရပ်ကြည့်နေကြတဲ့ ပရိသတ်တွေဆီက အံ့အားသင့် အားပေးသံတွေ ထွက်ပေါ်ခဲ့ပါတယ်။
အဘိုးအိုဟာ မီးကွင်းရဲ့ တခြားတဘက်ကို ရောက်အောင် ဖြတ်မောင်းပြနိုင်ခဲ့ပြီး တဘက်ခြမ်းမှာတော့ အသင့်စောင့်နေကြသူတွေက သူ့ကို မီးသတ်ပိုက်နဲ့ဖျန်းကာ မီးငြှိမ်းသတ်ပေးခဲ့တာကို တွေ့ရပါတယ်။
ဥမင်လိုဏ်ခေါင်းပုံ မီးကွင်းကို ဒီဇိုင်းထွင် ဖန်တီးသူတဦးဖြစ်တဲ့ တိုင်နီဗန်ဝစ်ခ်ကတော့ “ဒီစတန့်ပြကွက်ကို ကြည့်ရတာ တကယ့်ကို အံ့မခန်းပါပဲ။ အစကအဆုံးထိ လက်မတွန့်ဘဲ ဖြတ်ပြသွားတာ အံ့သြစရာပါပဲ” လို့ ပြောပါတယ်။
5 years Ago