ကိုယ်ဝန်ဆောင်အားဆေး

February 16, 2018

ထိုင်းတွင် ကလေးမွေးနှုန်း မြှင့်တင်ရန် ကြင်စဦးဇနီးမောင်နှံများကို ကိုယ်ဝန်ဆောင်အားဆေးဝေငှ

ထိုင်းနိုင်ငံမှာ ကလေးမွေးဖွားနှုန်း ကျဆင်းတာကို မြှင့်တင်ပေးဖို့ ကျန်းမာရေးဝန်ကြီးဌာနက ကြင်စဦး ဇနီးမောင်နှံတွေကို ကိုယ်ဝန်ဆောင်အားဆေးတွေ ဝေငှပေးခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၄ ရက်နေ့က မြို့တော်ဘန်ကောက်မှာ ရုံးတက်လက်မှတ်ရေးထိုးကြတဲ့ ဇနီးမောင်နှံတွေကို ကျန်းမာရေးဝန်ထမ်းတွေက ကိုယ်ဝန်ဆောင်အားဆေးတွေ ဝေနေကြတာဖြစ်ပါတယ်။ အဲဒီလိုဝေငှရာမှာ ကျန်းမာစွာ ကိုယ်ဝန်ဆောင်ရေး လမ်းညွှန်စာစောင်တွေကိုပါ ထည့်သွင်း ဝေငှခဲ့ပါတယ်။ “ကလေးယူတယ်ဆိုတာ အစိုးရအားပေးမှုထက် ကိုယ်တွေ ဘယ်လောက် အဆင်သင့်ဖြစ်သလဲပေါ် မူတည်ပါတယ်။ ကိုယ့်ဘက်က အဆင်သင့်မဖြစ်ရင် ကလေးတွေကို ဘယ်လိုပြုစု ပျိုးထောင်မလဲ။ ဒါကြောင့် ကလေးယူဖို့ အစီအစဉ် မရှိသေးတာပါ” လို့ ပူပူနွေးနွေး မင်္ဂလာဆောင်ထားသူတဦးက ပြောပါတယ်။ ကြင်စဦး ဇနီးမောင်နှံ နှစ်ဦးကလည်း “ကလေးယူတယ်ဆိုတာ မိသားစု အဆင်သင့်ဖြစ်မှ ကောင်းပါတယ်။ ကျမတို့ ကလေးကို ကောင်းကောင်းပျိုးထောင်ချင်ပါတယ်။ ကလေးတွေ အများကြီးယူပြီး ကောင်းကောင်းမပျိုးထောင်ရင် အဲဒီကလေးတွေဟာ ကျမတို့အတွက်ရော လူ့အဖွဲ့အစည်းအတွက်ပါ ဝန်ထုပ်ဝန်ပိုး ဖြစ်လာပါလိမ့်မယ်။ အနာဂတ် လူ့အဖွဲ့အစည်းအတွက်ပါ” လို့ ပြောသွားပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ စစ်တမ်းအရ ထိုင်းနိုင်ငံဟာ အရှေ့အာရှရှိ ဖွံ့ဖြိုးဆဲနိုင်ငံတွေထဲမှာ သက်ကြီးရွယ်အို အများဆုံးရှိတဲ့နိုင်ငံ ဖြစ်ပါတယ်။ အလုပ်လုပ်နိုင်တဲ့ အသက်အရွယ် နည်းလာတာနဲ့အမျှ နိုင်ငံမှာ လုပ်သားရှားပါးမှု ပြဿနာနဲ့ ကြုံတွေ့လာနိုင်ပါတယ်။ အဲဒီအတွက် ကျန်းမာရေးဝန်ကြီးဌာနက အခုလို ကိုယ်ဝန်ဆောင်ကြဖို့ ကမ်ပိန်းတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
4 years Ago
Up