ကိုယ်ပိုင်လျှပ်စစ် ထုတ်လုပ်သုံးစွဲနိုင်ပြီး အလိုအလျောက် အားသွင်းနိုင်သည့် ဘက်ထရီ

February 2, 2016

ကိုယ်ပိုင်လျှပ်စစ် ထုတ်လုပ်သုံးစွဲနိုင်ပြီး အလိုအလျောက် အားသွင်းနိုင်သည့် ဘက်ထရီ (ရုပ်သံ)

ချီလီက လူငယ်တီထွင် ပညာရှင်သာ အောင်မြင်ခဲ့မယ်ဆိုရင် ပင်မဓာတ်အားလိုင်းကို သုံးစရာမလိုတဲ့ အဖြစ်က မကြာခင် ဖြစ်လာဖို့ ရှိပါတယ်။ မန်နျူရယ်မတ်တာဟာ အီလီဟုမ်းဆိုတဲ့ အသိဉာဏ်ရှိ လစ်သီယမ်ဘက်ထရီ ထုတ်လုပ်တဲ့ အီလီဘက်ကုမ္ပဏီရဲ့ စီအီးအို ဖြစ်ပါတယ်။ ချီလီတက္ကသိုလ်နဲ့ တွဲဖက်တီထွင်ခဲ့တဲ့အတွက် အိမ်ထောင်စုတိုင်းအဖို့ ကိုယ်ပိုင်မီးလိုင်းတွေ သွယ်တန်းပြီး ကိုယ့်လျှပ်စစ် ကိုယ်သုံးနိုင်မှာမို့ သန့်ရှင်းစွမ်းအင်သုံးစွဲမှုကို တော်လှန်ပြောင်းလဲနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ရှေ့လူတွေထုတ်ခဲ့တဲ့ ဘက်ထရီနဲ့ မတူတာက ဒီဘက်ထရီဟာ အလိုအလျောက် အားသွင်းနိုင်စွမ်းရှိတာမို့ ကိုယ်ပိုင်လျှပ်စစ်လိုင်းနဲ့ နေရောင်ခြည်ကနေ စွမ်းအင်ကို လိုအပ်သလို သိုလှောင်ထားနိုင်တဲ့အပြင် ပိုလျှံတဲ့စွမ်းအင်ကိုပါ ရောင်းစားနိုင်မှာ ဖြစ်ပါတယ်။ "ဒီစနစ်မှာ အရေးအပါဆုံးအချက်က ဆိုလာပြားတွေနဲ့ အားသွင်းနိုင်တာပဲ ဖြစ်ပါတယ်။ မီးအားမသုံးတဲ့ နေ့ဘက်အချိန်မှာ ခရမ်းလွန်ရောင်ခြည်နဲ့ နေရောင်ခြည်ကို ဘက်ထရီထဲမှာ သိုလှောင်ထားပြီး ညဘက်နဲ့ မွန်းလွဲပိုင်းမှာ ပြန်သုံးနိုင်ပါတယ်။ တကယ်တော့ ကိုယ့်ရဲ့စွမ်းအင်က ပိုထိရောက်သလို ပိုပြီး ဈေးချိုသွားပါတယ်။ ဘာလို့လဲဆိုတော့ နေရောင်ခြည်ကို လူတိုင်း တန်းတူ အလကားရပြီး စီမံခန့်ခွဲနိုင်လို့လေ။" ဒီဘက်ထရီက အိမ်သုံးလျှပ်စစ်လိုင်းကို ပံ့ပိုးပေးရုံမက အားကုန်မသွားရအောင် အားသွင်းပေးနိုင်ပါတယ်။ တပ်ဆင်ပြီးတာနဲ့ လည်ပတ်မှုပိုင်းက လွယ်ကူပါတယ်။ ဘယ်နည်းနဲ့ဖြစ်ဖြစ် ဓာတ်အားပြတ်တောက်သွားတာနဲ့ အိမ်တွင်းမီးအားလုံးကို ဓာတ်အားထောက်ပံ့ပေးဖို့ ဘက်ထရီထဲက ဆင်ဆာကို လှုံ့ဆော်ပေးမှာပါ။ မတ်တာကတော့ အီလီဟုမ်းက အိမ်တွင်းလျှပ်စစ်ဓာတ်အား အသုံးကို ထောက်လှမ်းပြီး စွမ်းအင်သုံးစွဲမှု အမြဲသတိထားမိတဲ့ အလေ့အထကို တည်ဆောက်ပေးမယ်လို့ ဆိုပါတယ်။ ဆဲလ်ဖုန်းကနေ စောင့်ကြည့်နေနိုင်သလို ငလျင်နဲ့ တခြား အရေးပေါ်အခြေအနေ ဖြစ်နေချိန်မှာ ဒီဘက်ထရီကို လိုရာသယ်သွားနိုင်မှာပါ။ တီထွင်သူတွေကတော့ နောက်ထပ် ရင်းနှီးမြှုပ်နှံမှုတွေ ရှာဖွေနေပြီး သိပ်မကြာခင်မှာ အီလီဟုမ်းကို ဈေးကွက်ဖြန့်နိုင်ဖို့ မျှော်လင့်ထားပါတယ်။
6 years Ago
Up