ကိုယ့်အခွင့်အရေး

February 11, 2020

ကိုယ့်အခွင့်အရေးကို ကိုယ်သိသလား 

ပြည်သူ့အခွင့်အရေးဆိုတာ လူတဦးတယောက် သို့မဟုတ် အဖွဲ့အစည်းတရပ် သို့မဟုတ် အစိုးရ တရပ်ရဲ့ လက်အောက်ခံလား။ ပြည်သူ့အခွင့်အရေးမှာ ဘာတွေ အကြုံးဝင်လဲ။ ပြည်သူ့အခွင့်အရေးနဲ့ နိုင်ငံတော်ကြားမှာ ဘယ်လို ချိတ်ဆက်ထားသလဲ။ နိုင်ငံတနိုင်ငံမှာ ပြည်သူ့ အခွင့်အရေး ဆိုတာကို ဘယ်လို အာမခံထားသလဲ။ စသဖြင့် အခြေခံ ကျတဲ့ မေးခွန်းတွေကို ဒီတပတ် ဒီဗွီဘီ ဒီဘိတ်မှာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ အမေ့ခံအခွင့်အရေးများ ပြည်သူ့အခွင့်အရေးဆိုတာ လူပုဂ္ဂိုလ်တဦးတယောက်ချင်းရဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပါတယ်။ ဥပမာ အနေနဲ့ လူတယောက်ဟာ နိုင်ငံရေးအရ ဖြစ်စေ၊ မိမိယုံကြည်ရာကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရှိပါတယ်။ ဒီအတွက် အပြစ်ပေးခံရရင် ဒါဟာ အခြေခံ ကျတဲ့ ပြည်သူ့ အခွင့်အရေးတရပ် ချိုးဖောက်ခံရတာလို့ ဆိုရပါမယ်။ ဒီလိုပဲ လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ သတင်းအချက်အလက် ရယူပိုင်ခွင့် တို့အတွက်လည်း စိုးရိမ်ထိတ်လန့် နေရတယ်ဆိုရင် ဒါဟာ ပြည်သူ့အခွင့်အရေးအတွက် အာမခံချက် မရှိသေးဘူးလို့ ဆိုရပါမယ်။ မြန်မာပြည်မှာ ပြည်သူတွေကိုဖိနှိပ်တဲ့၊ တနည်းအားဖြင့် ပြည်သူ့အခွင့်အရေးကို မလေးစားတဲ့၊ အသိအမှတ်မပြုတဲ့ စစ်အစိုးရက နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့တာကြောင့် အစိုးရ ယန္တရားတွေဟာ ပြည်သူ့ အခွင့်အရေးဆိုတာကို နားမလည်ခဲ့ကြပါဘူး။ သို့မဟုတ် ဆူးငြှောင့်ခလုတ်လို မြင်ခဲ့ကြပါတယ်။ ဥပမာ အနေနဲ့ စစ်အစိုးရ အုပ်ချုပ်ခဲ့တဲ့ ကာလတလျှောက်လုံး ဆန္ဒထုတ်ဖော်ခွင့်၊ စုဝေးခွင့်လိုမျိုး အခြေခံ ကျတဲ့ ပြည်သူ့ အခွင့်အရေးတွေကို ပိတ်ပင်တားဆီးခဲ့ပါတယ်။ တားမြစ်ချက်ကို မလိုက်နာသူတွေကို စစ်အစိုးရကို ဆန့်ကျင် ပုန်ကန်သူတွေအဖြစ် သတ်မှတ်ပြီး ဖမ်းဆီး၊ နှိပ်စက်၊ ထောင်သွင်းအကျဉ်းချခဲ့ပါတယ်။ သူတို့ မိသားစုတွေရဲ့ အသက်မွေးမှု၊ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်၊ ကျန်းမာရေး၊ ပညာရေး အခွင့်အရေးတွေအထိ အနှောင့်အယှက်ပေးခဲ့ပါတယ်။ တကယ်တော့ ဒီအခွင့်အရေးတွေ အားလုံးဟာ ပြည်သူတွေရဲ့ မွေးရာပါ အခွင့်အရေးတွေ ဖြစ်ပါတယ်။  အစိုးရက ခွင့်ပြုသည် ဖြစ်စေ၊ ခွင့်မပြုသည် ဖြစ်စေ ပိုင်ဆိုင်ရမယ့် ရပိုင်ခွင့်တွေဖြစ်ပါတယ်။ ကိုယ့် အခွင့်အရေးကို ကိုယ်အသုံးပြုနိုင်ကြပါတယ်။ ဥပမာ အနေနဲ့ လူတိုင်းမှာ တပါးသူတွေကို အနှောင့်အယှက်မဖြစ်စေရင် ငြိမ်းချမ်းစွာ စုဝေးခွင့် ရှိပါတယ်။ ဆန္ဒထုတ်ဖော်ခွင့် ရှိပါတယ်။ နိုင်ငံရေး အဖွဲ့အစည်း ဖြစ်ဖြစ်၊ လူမှုရေး အဖွဲ့အစည်း ဖြစ်စေ ဖွဲ့စည်းခွင့်ရှိပါတယ်။ ပါဝင် လှုပ်ရှား ဆောင်ရွက်ခွင့် ရှိပါတယ်။ လူတိုင်းမှာ လူ့ဂုဏ်သိက္ခာနဲ့ အညီ နေထိုင်ခွင့်၊ အသက်မွေးဝမ်းကြောင်းခွင့် ရှိပါတယ်။ အလုပ်ရှင်က ဖြစ်စေ၊ အထက်လူကြီးက ဖြစ်စေ၊ အစိုးရဝန်ထမ်းက ဖြစ်စေ၊ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဖြစ်စေ ပြည်သူတဦးတယောက်ကို ထိခိုက်နစ်နာအောင်၊ သို့မဟုတ် အနိုင်ကျင့်ခွင့်မရှိပါဘူး။ လူမျိုး၊ အသားအရောင်၊ ကိုးကွယ်သည့် ဘာသာ၊ ကျားမ ဖြစ်တည်မှု တို့ အပေါ် အခြေခံပြီး ခွဲခြားဆက်ဆံခံရမှု၊ ဥပမာ ကျန်းမာရေး စောင့်ရှောက်ခွင့်၊ ပညာရေးသင်ကြားခွင့်တို့လိုမျိုး အခြေခံ အခွင့်အရေးတွေ ကန့်သတ်ခံရမှု မရှိစေရပါဘူး။ တရားဥပဒေ ရှေ့မှောက်မှာ တန်းတူ အခွင့်အရေး မရရင် ဒါဟာ ပြည်သူ့အခွင့်အရေး ချိုးဖောက်ခံရမှုမှာ အကျုံးဝင်ပါတယ်။ ဆန့်ကျင်ဘက်အမြင် ဒါပေမယ့် တဖက်ကလည်း လူမှုသဟဇာတဖြစ်မှု၊ ပဋိပက္ခ လျှော့ချရေး၊ နိုင်ငံတော် လုံခြုံရေး၊ စတဲ့ ကိစ္စတွေနဲ့ ချိန်ထိုး စဉ်းစားစရာပြီး သံသယနဲ့ ချဉ်းကပ်တဲ့ တခြား အမြင်တွေကိုလည်း မေ့ထားလို့ မရပါဘူး။ ဥပမာ အနေနဲ့ လူတယောက်ရဲ့ လွတ်လပ်ခွင့် ဆိုတာ တခြား တယောက်အတွက် အနှောင့်အယှက် ဖြစ်နေရင်ခွင့်မပြုသင့်ဘူးဆိုတဲ့ အမြင်မျိုး ဖြစ်ပါတယ်။ ပြည်သူ့အခွင့်အရေးဆိုတာကို နိုင်ငံတကာ ပေတံနဲ့ မတိုင်းဘဲ နိုင်ငံ တနိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အခြေအနေတွေနဲ့ လိုက်လျောညီထွေ ဖြစ်ဖို့က ပိုအရေးကြီးတယ်လို့ ယူဆတဲ့ အမြင်မျိုး ဖြစ်ပါတယ်။ ဒီအမြင်က လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ပုံနှိပ်ထုတ်ဝေခွင့်၊ ကိုးကွယ်ခွင့်၊ စည်းရုံးလှုပ်ရှားခွင့်စတဲ့ ကိစ္စတွေဟာ တနိုင်ငံနဲ့ တနိုင်ငံ ထပ်တူပြုလို့ မဖြစ်နိုင်ဘူးလို့ ငြင်းချက်ထုတ်ပါတယ်။ နိုင်ငံတော်ရဲ့ အကျိုးစီးပွားနဲ့ ယှဉ်လာရင် လူတဦးချင်းရဲ့ အခွင့်အရေးဆိုတာဟာ အရေးမပါတော့သလိုမျိုး သို့မဟုတ် စတေးခံထိုက်တယ်ဆိုတာမျိုး သဘောထားပါတယ်။ ဥပမာ လူ့အဖွဲ့အစည်းကို ကာကွယ်ဖို့ ရည်ရွယ်ချက်နဲ့ လူတချို့ကို ထိန်းချုပ်၊ ဟန့်တား၊ ကန့်သတ်၊ ပိတ်ပင်တာဟာ တရား နည်းလမ်းကျတယ်ဆိုတဲ့ အယူအဆ ဖြစ်ပါတယ်။ဒါပေမယ့် ဒီဆင်ခြေရဲ့ နောက်မှာ တခြား သဘောထားတွေနဲ့ ရည်ရွယ်ချက်တွေ ရှိနေတတ်ပါတယ်။ နောက်ဆက်တွဲအဖြစ် နိုင်ငံရေးအရ ပါတီထောင်ခွင့်၊ စည်းရုံးလှုပ်ရှားခွင့်တို့ကို ဥပဒေအရ ကန့်သတ်တာမျိုးတွေ ဖြစ်လာပါတယ်။ ဥပဒေ ဘောင်ကို ကျော်လွန်ရင် အပြစ်ပေးခံရနိုင်ပါတယ်။ ပြည်သူ့အခွင့်အရေးမှာ အကျုံးဝင်တဲ့ လွတ်လပ်စွာ အသက်မွေးဝမ်းကြောင်းခွင့် (တနည်း) စီးပွားရေး ကိစ္စတွေမှာလည်း အလားတူပါပဲ။ နိုင်ငံတော်ကသာ လုပ်ပိုင်ခွင့် ရှိတဲ့ စီးပွားရေး လုပ်ငန်းတွေ ကန့်သတ်ချင် ကန့်သတ်နိုင်သလို၊ လိုအပ်ရင် ကုန်စျေးနှုန်းတွေကို သတ်မှတ်တာ၊ အခွန်နှုန်းထားတွေကို သင့်တော်သလို နိုင်ငံတော်က သတ်မှတ်နိုင်ရမယ်လို့ ခုခံချေပပါတယ်။ ပြောဆိုခွင့်ကို ကန့်သတ်ခြင်း ဒီနှစ်ပိုင်းတွေအတွင်း မြန်မာပြည်မှာ ပြည်သူ့အခွင့်အရေးတွေ အတိုင်းအတာ တခုအထိ တိုးတက် လာတယ်လို့ ဆိုနိုင်ပေမယ့် ခေတ်နောက်ပြန်ဆွဲနေတဲ့ ကိစ္စတွေကလည်း ဆက်ရှိနေပါတယ်။ ဥပမာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို စောင့်ကြည့်နေတဲ့ အသံအဖွဲ့ရဲ့ အဆိုအရ လက်ရှိ အစိုးရ သက်တမ်း (လေးနှစ်တာကာလ) အတွင်း တပ်မတော်က လူ ၉၀ ကျော်ကို တရားစွဲထားတဲ့ ကိစ္စဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ ပတ်သက်နေပါတယ်။ အသုံးပြုခဲ့တဲ့ ပုဒ်မတွေကို ကြည့်ရင် ဆက်သွယ်ရေး ဥပဒေနဲ့ တရားစွဲခံရသူက အများဆုံး (၁၈ ဦး) ရှိပါတယ်။ တခြား တည်ဆဲ ဥပဒေတွေဖြစ်တဲ့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က) (ခ)၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၀၊ နိုင်လွတ်လုံ ဥပဒေ၊ မတရားအသင်း ဆက်သွယ်ရေးဥပဒေ၊ သတင်းမီဒီယာဥပဒေ၊ ရာဇဝတ် ကျင့်ထုံးဥပဒေ ပုဒ်မ ၂၀၀ တို့ကို အသုံးပြု တရားစွဲခဲ့တဲ့ အမှုတွေ ဖြစ်နေတာ တွေ့ရပါတယ်။ လွှတ်တော်အမတ်တွေကလည်း အရပ်သားတွေအပါဝင် နိုင်ငံရေး ပါတီဝင်တွေနဲ့ တက်ကြွလှုပ်ရှားသူ ၃၇ ဦးကို အမှုဖွင့် တရားစွဲခဲ့တယ်လို့ ဆိုပါတယ်။ လူသိများတဲ့ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေဖြစ်ကြတဲ့ နော်အုန်းလှ၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ နာမည်ကြီး ရုပ်ရှင် ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ ရှေ့နေ ဦးကြီးမြင့်၊ ကဗျာဆရာ စောဝေ စသူတို့ဟာ ပြည်သူ့အခွင့်အရေးကို ကန့်သတ်တဲ့ ပုဒ်တွေနဲ့ တရားစွဲခံရ၊ သို့မဟုတ် ထောင်ချခံကြရပါတယ်။ ဒါအပြင် ငြိမ်းချမ်းရေးအတွက် ရန်ကုန်မှာ ဆုတောင်းကြ ဆန္ဒထုတ်ဖော်ပြကြတဲ့ လူငယ်တွေ၊ ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေး တောင်းဆိုတဲ့ ကချင်လူငယ်တွေ၊ ကယားပြည်နယ်မှာ ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူမှုကို ဆန့်ကျင်ခဲ့တဲ့ ကရင်နီ လူငယ်တွေ ပါဝင်ပါတယ်။ သတင်းရယူပိုင်ခွင့် သတင်းသမားတွေကို ဖမ်းဆီးထောင်ချတဲ့ နည်းလမ်းနဲ့ သတင်းအမှောင်ချဖို့ ကြိုးစားမှုဟာ အောင်မြင်ဖို့ ခဲယဉ်းပေမယ့် ဒီနည်းလမ်းကိုပဲ အသုံးပြုနေကြတုန်းပါပဲ၊ မြန်မာပြည်မှာ အငြင်းပွားဖွယ်ရာ ပုဒ်မတွေနဲ့ တရားစွဲခံရတဲ့ သတင်းသမားတွေ၊ အယ်ဒီတာတွေ အခုထိ ရှိနေပါတယ်။ တချို့ အမှုတွေကို ပြန်ကြည့်ရင် တရားလိုဟာ တချိန်တုန်းက ဒီမိုကရေစီနဲ့ ပြည်သူ့အခွင့်အရေးအတွက် ရုန်းကန်ခဲ့ဖူးသူတွေ ဖြစ်နေတာ အံ့သြစရာ တွေ့ရပါတယ်။ ၂၀၁၆ နဲ့ ၂၀၁၉ တို့မှာ ရန်ကုန်တိုင်း ဝန်ကြီးချုပ်က အလဲဗင်းမီဒီယာက ဂျာနယ်လစ်တွေကို တရားစွဲခဲ့တဲ့ အမှုဟာ နောက်ပိုင်းမှာ ပြန်ရုပ်သိမ်းပေးခဲ့ပေမယ့် အရပ်သားအစိုးရရဲ့ ဝေဖန်ခံနိုင်စွမ်းနဲ့ ပတ်သက်လို့ မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ဒီဗွီဘီနဲ့ ဧရာဝတီသတင်းဌာနတို့က သတင်းထောက်တွေကို တပ်မတော်က မတရားအသင်းဆက်သွယ်မှုနဲ့ တရားစွဲထောင်ချခဲ့တဲ့အမှု၊ ရခိုင်ပြည်နယ်တွင်းက စစ်ဆင်ရေးတွေကို သတင်းယူခဲ့တဲ့ ရိုက်တာသတင်းထောက်နှစ်ယောက်ကို ဖမ်းဆီးထောင်ချခဲ့တဲ့ ကိစ္စတွေဟာလည်း နိုင်ငံတော်လုံခြုံရေးနဲ့ ပြည်သူတွေရဲ့ သတင်းရပိုင်ခွင့်ကြားထဲမှာ ဘယ်လိုမှ ညှိနှိုင်းလို့ မရဘူးဆိုတဲ့ သက်သေတွေပါပဲ။ နောက်ဆုံးကတော့ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်နေုတဲ့ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာ အင်တာနက်လိုင်းတွေကို ဖြတ်တောက်မှု ဖြစ်ပါတယ်။ ဒီနှစ်ပိုင်းတွေအတွင်း မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်းကို အသုံးပြုပြီး အင်တာနက်ကတဆင့် သတင်းရယူတဲ့ ပြည်သူအရေအတွက်ဟာ တရှိန်ထိုး မြင့်မားနေပါတယ်။ အင်တာနက် ဆက်သွယ် အသုံးပြုမှုဟာ လူတွေရဲ့ နေ့စဉ်ဘဝမှာ အရေးပါလာပါတယ်။ ချင်းနဲ့ ရခိုင်ပြည်နယ်က ပြည်သူတွေအတွက်လည်း ဒီအချက်ဟာ ခြွင်းချက် မဟုတ်တော့ပါဘူ။ ဒါပေမယ့် ရခိုင်ပြည်နယ်မှာရှိတဲ့ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ပုဏ္ဏားကျွန်း မြို့နယ်တို့မှာ ၂၀၁၉ ဇွန်လကတည်းက အင်တာနက် ဖြတ်တောက်ထားခဲ့ပါတယ်။  နိဂုံး မြန်မာပြည်မှာ လက်နက်ကိုင် ပဋိပက္ခ့ ဒေသတွေမှာ အရင်လိုပဲ ပြည်သူတွေရဲ့ အခွင့်အရေးတွေ ဘာ အာမခံချက် မရှိသေးပါဘူး။ အပြစ်မဲ့ အရပ်သားတွေကို ဖမ်းဆီး နှိပ်စက် သတ်ဖြတ်တာ၊ သူတို့ရဲ့ ပစ္စည်း ဥစ္စာတွေကို ဖျက်ဆီးတာ၊ သိမ်းယူတာတွေ၊ အမျိုးသမီးတွေကို အနိုင်ကျင့် စော်ကားတာတွေ၊ လျှော်ကြေးမပေးဘဲ လယ်ယာမြေတွေကို အဓမ္မ သိမ်းတဲ့ ကိစ္စတွေ အဆုံးမသတ် သေးပါဘူး။ လူမျိုး၊ အသားအရောင်၊ ဘာသာစကား၊ ဆင်းရဲ ချမ်းသာ၊ ကိုးကွယ်တဲ့ ဘာသာအပေါ် အခြေခံတဲ့ ခွဲခြားမှုတွေဟာ ရပ်ထဲ၊ ရွာထဲကနေ တရားရုံးရှေ့မှောက်အထိ ပပျောက်ဖို့ လိုနေပါသေးတယ်။ ဒီအတွက် ပြည်သူတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးနိုင်တဲ့ ဥပဒေတွေ၊ ဥပဒေကို လေးစားတဲ့ အဖွဲ့အစည်းတွေ၊ စံတန်ဖိုး အသစ်နဲ့ သဘောထားတွေ နေရာတကာမှာ လိုအပ်နေပါတယ်။ နေသွင်ညိဏ်း
1 year Ago
Up