ကိုယ့်လက်နှင့်ရွေးချယ်

September 26, 2020

Project K သီဆိုသည့် “ကိုယ့်လက်နှင့်ရွေးချယ်”ရွေးကောက်ပွဲသီချင်းကို အန်အယ်လ်ဒီပါတီသို့ လှူဒါန်း

နှုတ်ခမ်းနီမလေးတို့ အသည်းစွဲ မြန်မာကေပေါ့ပ်တေးဂီတအဖွဲ့တဖွဲ့ဖြစ်တဲ့ Project K အဖွဲ့က သီဆိုထားတဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးသီချင်းတပုဒ်ကို အန်အယ်လ်ဒီပါတီကို စက်တင်ဘာလ ၂၅ ရက်နေ့က လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ “ကိုယ့်လက်နှင့်ရွေးချယ်” လို့ အမည်ပေးထားတဲ့ ဒီသီချင်းဗွီဒီယိုကိုတော့ ဒါရိုက်တာ ကြည်ဖြူသျှင်နဲ့ ဒါရိုက်တာ စိုးကိုကိုစိုးတို့ကတဆင့် လှူဒါန်းခဲ့ကြတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ Project K အဖွဲ့က Asia Song Festival 2020 မှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ ဖျော်ဖြေဖို့အတွက် ကိုရီးယားနိုင်ငံကို ရောက်ရှိနေကြပါတယ်။ မိန်းကလေးပရိသတ်တွေ အများစု အားပေးမှု အခိုင်အမာရရှိထားတဲ့ Project K အဖွဲ့ဟာ အမျိုးသား လူငယ် ၇ ယောက်နဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ ၂၀၁၆ ခုနှစ်က ကိုရီးယာနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ Seoul K-Pop International Cover Dance မှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ ပြီး ဒုတိယဆုကို ဆွတ်ခူးနိုင်ခဲ့ပြီးတဲ့နောက်မှာတော့ မြန်မာအကနဲ့ ကိုရီးယားအက ပေါင်းစပ်တီထွင် သရုပ်ဖော်ကပြမှုတွေနဲ့အတူ နာမည်ကြီးလာခဲ့တာပါ။ မြန်မာကေပေါ့ပ်တေးဂီတအဖွဲ့ Project K ကို ကိုရီးယားနိုင်ငံမှာ လေ့ကျင့်သင်ကြားပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က သမ္မတမွန်းကို တောင်းဆိုခဲ့တယ်လို့  ကိုရီးယားနိုင်ငံအခြေစိုက် arirang.com သတင်းမှာ ဖော်ပြခဲ့ဖူးပါတယ်။ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ အာဆီယံ-ကိုရီးယားထိပ်သီးအစည်းအဝေးနဲ့ ပထမအကြိမ် မဲခေါင်-ကိုရီးယားထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ တောင်ကိုရီးယားနိုင်ငံမှာ ရောက်ရှိစဉ် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၆ ရက်က တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းနဲ့ တွေ့ဆုံချိန်မှာ ခုလိုပြောခဲ့တာ ဖြစ်ပါတယ်။ မွန်းဂျေအင်းကတော့ Project K အဖွဲ့ကို ပြုစုပျိုးထောင်တာဟာ နှစ်နိုင်ငံကြား ပိုမိုအားကောင်းတဲ့ ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုရဲ့သင်္ကေတဖြစ်လာစေမှာ ဖြစ်ပြီး ထောက်ပံ့ ကူညီပေးမှုတွေ လုပ်ဆောင်သွားဖို့ ကတိပေးခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ သူတို့အဖွဲ့ဟာ The Beginning အမည်နဲ့ တေးအယ်လ်ဘမ် တချပ် ထွက်ရှိထားပြီး Project K အဖွဲ့မှာ ထက်ဘုန်းနိုင်၊ ဝီလျှံ၊ ဘုန်းနေမင်း၊ ဘုန်းနေ လင်း၊ ဟိန်းရာ၊ ရဲရင့်သော်၊ မင်းခန့်ဟိန်းတို့ ပါဝင်ပါတယ်။ နောက်ပိုင်းမှာလည်း Project K အနေနဲ့ ပြည်တွင်း ပြည်ပဖျော်ဖြေပွဲတွေ များစွာမှာ ပါဝင်ဖျော်ဖြေခဲ့ကြပြီး ပရိသတ်အားပေးမှုတွေ အခိုင်အမာ ရရှိထားခဲ့ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကတော့ သူတို့အဖွဲ့ရဲ့ Stay Strong အမည်ရ မြူးဇစ်ဗွီဒီယိုတပုဒ် ထွက်ရှိထားခဲ့ပါတယ်။ သိပ်မကြာသေးခင်ကလည်း Project K အဖွဲ့ဟာ သဘင်ပညာရှင် မင်းသား ဟန်ဇာမိုးဝင်း၊ တင်မောင်ဆန်းမင်းဝင်းတို့နဲ့ တွဲဖက်ကာ  မိုးရာသီသဘင်ပွဲတော်မှာ ပါဝင်ဖျော်ဖြေခဲ့ပါသေးတယ်။
8 months Ago
Up