ကိုမျိုးမင်းသူဈာပန

March 31, 2021

မြစ်ကြီးနားတွင် စစ်အာဏာရှင်ဆန့်ကျင်ရင်း ကျဆုံးသွားသူ ကိုမျိုးမင်းသူ စျာပန လူဦးရေ ထောင်ချီပို့ဆောင်

မြစ်ကြီးနား ရမ်ပူရပ်ကွက်၊ နယ်မြေ ၁၄ (ခ) ထဲအထိ အကြမ်းဖက်စစ်ကောင်စီရဲ့ အရပ်ဝတ်နဲ့လက်နက်ကိုင်တွေ ဝင်ရောက်ပစ်ခတ်မှုကြောင့် နှလုံးနေရာမှာ ကျည်အစစ်ထိမှန် သေဆုံးသွားသူ အစ္စလာန်လူငယ် ကိုမျိုးမင်းသူ (၂၃ နှစ်) ရဲ့ စျာပနကို ဒီနေ့မွန်းလွဲ  ၂ နာရီမှာ ပြုလုပ်ခဲ့ပြီး လူဦးရေ ထောင်ချီ လိုက်ပါပို့ဆောင်ခဲ့ပါတယ်။

မတ်လ ၃၀ ရက် မနက် ၉ နာရီကျော်က ဟွန်ဒါဖစ်အိမ်စီးကားနဲ့ အရပ်ဝတ်လက်နက်ကိုင် ၅ ဦးလောက် ရပ်ကွက်ထဲအထိဝင်ရောက် ပစ်ခတ်မှုကြောင့် ကိုမျိုးမင်းသူသေဆုံးခဲ့ရတာပါ။

မွန်းတည့် ၁၂ နာရီကျော်မှာ စစ်သား၊ ရဲတပ်ဖွဲ့နဲ့လက်နက်ကိုင်တွေက ရပ်ကွက်အတွင်း ပြန်ဝင်လာပြီး အလောင်းပေးဖို့ အော်ဟစ်ဆဲဆိုတာတွေ ပြုလုပ်ခဲ့ကာ သေဆုံးသူအလောင်းကို မရသွားတဲ့အတွက် အိမ်နဲ့ဆိုင်ကယ် ၃ စီးကို ဓာတ်ဆီလောင်းပြီး မီးရှို့သွားတယ်လို့ မျက်မြင်သက်သေ ရပ်ကွက်နေသူတွေက ပြောပါတယ်။

မတ်လ ၈ ရက်နေ့ကလည်း မြစ်ကြီးနားမြို့ မြို့သစ်ရပ်ကွက်မှာ နေ့လယ် ၁ နာရီခန့်က ရဲတပ်ဖွဲ့နဲ့ စစ်တပ်က သေနတ်နဲ့ပစ်တဲ့အတွက်  မိုဟမ္မဒ်အမီနွလ္လာဟ် (ခ) ဦးကိုကိုလေး အသက် (၆၂)နှစ်နဲ့ မောင်ဇင်မင်းထက်(ခ) ဖိုးလုံးအသက်(၂၃) နှစ်တို့ ခေါင်းကို ကျည်ဆံထိမှန်ပြီး သေဆုံးသွားခဲ့ကြတာပါ။

8 months Ago
Up