ကိုမာဝင်နေသည့် ဖမ်းဆီးခံ အမေရိကန်ကျောင်းသားကို မြောက်ကိုရီးယား ပြန်လွှတ်

June 15, 2017

ကိုမာဝင်နေသည့် ဖမ်းဆီးခံ အမေရိကန်ကျောင်းသားကို မြောက်ကိုရီးယား ပြန်လွှတ် (ရုပ်သံ)

မြောက်ကိုရီးယားက ဖမ်းဆီးထားတဲ့ အမေရိကန် တက္ကသိုလ်ကျောင်းသား  အော့တိုဝမ်ဘီယာကို ပြန်လွှတ်ပေးလိုက်ပြီး သူ့ကိုသယ်ဆောင်လာတဲ့ လေယာဉ်ဟာ အမေရိကန် အိုဟိုင်းအိုးလေဆိပ်ကို ဇွန်လ ၁၃ ရက်နေ့ ဒေသစံတော်ချိန် ၁၀ နာရီ ၁၅ မိနစ်မှာ ရောက်ရှိလာခဲ့ပါတယ်။ အော့တိုဝမ်ဘီယာဟာ ကိုမာရနေတာကြောင့် အရေးပေါ်အခြေအနေနဲ့ ပြန်ရောက်လာတာဖြစ်ပြီး လေဆိပ်ရောက်ပြီးပြီးချင်း ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သူ့မိသားစုဝင်တွေက ပြောပါတယ်။ အော့တိုဝမ်ဘီယာဟာ မြောက်ကိုရီးယားရဲ့ ဝါဒဖြန့် ပိုစတာတခုကို ခိုးယူခဲ့တာကြောင့် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့မှာ ပြုံယမ်း နိုင်ငံတကာလေဆိပ်မှာ အဖမ်းခံခဲ့ရတာဖြစ်ပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅ နှစ် ကျခံနေရတာ ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေက အသက် ၂၂ နှစ်အရွယ် အော့တိုဝမ်ဘီယာလို့ ယူဆရသူကို ထမ်းစင်မပါဘဲ လေယာဉ်ပေါ်ကနေ တွဲချလာတာကို မြင်ရပြီး လေယာဉ်ပေါ်က တွဲခေါ်လာသူဟာ လှုပ်ရှားနိုင်ပုံ မရဘူးလို့ မျက်မြင်တွေ့ရှိခဲ့သူတဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။ အဲဒီနောက် လူနာတင်ကားပေါ်တင်ပြီး ထွက်ခွာသွားတယ်လို့ ပြောပါတယ်။ ၂၀၁၆ ခုနှစ် မေလက ခုံရုံးတင် စစ်ဆေးပြီးနောက်မှာ ဝမ်ဘီယာဟာ အာရုံကြောအဆိပ်သင့်မှုဖြစ်ပြီး ကိုမာရခဲ့တယ်လို့ အမေရိကန် သံအရာရှိတွေကတဆင့် မြောက်ကိုရီးယား အရာရှိတွေက အကြောင်းကြားခဲ့တယ်လို့ ဝမ်ဘီယာရဲ့ မိသားစုဝင်တွေက ပြောပါတယ်။ ဝမ်ဘီယာဟာ ထောင်ထဲမှာ ပြင်းပြင်းထန်ထန် နှိပ်စက်ခံခဲ့ရတယ်လို့ ထောက်လှမ်းရေး အစီရင်ခံစာတစောင်ကနေ သိရကြောင်း နယူးယောက်ခ်တိုင်းမ်စမ် သတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up