ကိုဗစ်-၁၉ အမြန်စစ်ဆေးနိုင်ရန်

October 14, 2020

မကွေးတိုင်းတွင် ကိုဗစ်-၁၉ အမြန်စစ်ဆေးနိုင်သည့် Test Kits ၇၀၀၀ ခန့်ထပ်မံဖြန့်ဝေမည်

မကွေးတိုင်းဒေသကြီးအတွက်  ကိုဗစ်-၁၉ ရောဂါ အမြန်စစ်ဆေးနိုင်တဲ့ Test Kits အရေတွက် ၇၀၀၀ ခန့်ထပ်မံဖြန့်ဝေပေးမယ်လို့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေး ဦးစီးဌာနကနေ သိရပါတယ်။ မကွေးတိုင်းထဲက မြို့နယ်တွေမှာ ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိ နာရီပိုင်းအတွင်းစစ်ဆေးနိုင်တဲ့ Test Kits ၄၀၀၀ မူလက ဖြန့်ဝေပြီး အောက်တိုဘာလ ၅ ရက်နေ့က စတင် စစ်ဆေးပေး နေကာ နောက်ထပ် ၇၀၀၀ လောက် ထပ်မံဖြန့်ဝေပေးဖို့ရှိနေတာပါ။ မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်သန်းက"ရွေးကောက်ပွဲမှာ လုံခြုံရေးတာဝန်ထမ်းဆောင်ဖို့ သင်တန်းတက်နေတဲ့ အထူးရဲတွေ ကိုလည်း Test Kits အရေအတွက် ၅၀၀၀ ဖြန့်ဝေပြီး ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေး ပေးနေတယ်။ ကိုဗစ်ရောဂါ ကာကွယ်ကုသရေးပစ္စည်းတွေကိုလည်း သက်ဆိုင်ရာမြို့နယ်အလိုက် အလုံအလောက်ဖြန့်ဝေပေးထားပြီး အတည်ပြုလူနာတွေကို သီးခြားကုသမယ့်နေရာတွေ လုံလောက်အောက် ကြိုတင်ပြင်ဆင်ထားတယ်”လို့ ပြောပါတယ်။ ကိုဗစ်-၁၉ အတည်ပြုလူနာတွေ ပိုမိုများပြားလာတာကြောင့် ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ အပြင်မထွက်ဖို့နဲ့ မဖြစ်မနေထွက်ရမယ်ဆိုရင် နှာခေါင်းစည်း Mask တပ်ဆင်ဖို့၊ ဟန်းဂျယ် သုံးဖို့၊ လက်ဆေးဖို့နဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကို အထူးလိုက်နာဖို့  တိုက်တွန်း ထားပါတယ်။ မကွေးတိုင်းဒေသကြီးအတွင်းမှာ အောက်တိုဘာ ၁၃ ရက် ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၁၉ ဦးရှိပြီးတော့ ဆေးရုံဆင်းခွင့်ရရှိသူ ၉၇ ဦးရှိတယ်လို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။ သတင်း - မင်းထီး
7 months Ago
Up