ကိုဗစ်-၁၉ အမြန်စစ်ကိရိယာ

November 11, 2020

ပြည်ပပြန်များ၊ အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများကို ကိုဗစ်-၁၉ အမြန်စစ်ကိရိယာဖြင့် စစ်မည်   

ပြည်ပက ပြန်လာတဲ့သူတွေ၊ ကိုဗစ်-၁၉ အတည်ပြုလူနာနဲ့ ထိတွေ့ခဲ့သူတွေနဲ့ အိမ်မှာနေ ရမယ့် အစီအစဉ်မှာပါတဲ့ဒေသက လာသူတွေကို ကိုဗစ်-၁၉ ရောဂါရှိ မရှိ အမြန်စစ်ကိရိယာနဲ့ပဲ စစ်ဆေးတော့မှာ ဖြစ်ပါတယ်။ ပြည်ပနိုင်ငံက ပြန်လာသူတွေ၊ အိမ်မှာနေရမယ့် အစီအစဉ်မှာပါတဲ့ဒေသက လာသူတွေကို အသွားအလာ စတင်ကန့်သတ်တဲ့ ရက်ကနေ ၃ ရက်မြောက်နေ့မှာ အမြန်စစ်ကိရိယာ (Rapid Test Kit) နဲ့ စစ်ဆေးမှာဖြစ်ပြီး အတည်ပြုလူနာနဲ့ ထိတွေ့ခဲ့သူတွေကိုတော့ လူနာနဲ့ နောက်ဆုံးအကြိမ် ထိတွေ့ခဲ့တဲ့ ရက်ကနေ ၃ ရက်မြောက်နေ့မှာ စစ်ဆေးမှာ ဖြစ်ပါတယ်။ စစ်ဆေးတာမှာ ပိုးတွေ့ရင်တော့ သက်ဆိုင်ရာ ဆေးရုံ၊ ကုသရေးဌာနတွေကို ပို့ဆောင် ကုသမယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ပထမအကြိမ်စစ်ဆေးတာမှာ ပိုးမတွေ့ဘူးဆိုရင် အသွားအလာ စတင်ကန့်သတ်တဲ့ ရက်၊ အတည်ပြု လူနာနဲ့ နောက်ဆုံးအကြိမ် ထိတွေ့ခဲ့တဲ့ ရက်ကနေ ၁၁ ရက်မြောက်နေ့မှာ PT-PCR နည်းနဲ့ ထပ်ပြီး ဓာတ်ခွဲခန်းမှာ စစ်ဆေးမှာဖြစ်ပါတယ်။ အမြန်စစ်ကိရိယာနဲ့ စစ်ဆေးတဲ့အခါမှာ ရောဂါလက္ခဏာမပြသူတွေမှာ ပိုးမရှိဘူးဆိုတဲ့ အဖြေပြတတ်ပြီး ပိုးကူးစက်ခံခဲ့ရတဲ့ရက်ကနေ အချိန်ကိုက်ရက်မှာ စစ်ဆေးနိုင်မှ မှန်တယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။ ၂ ကြိမ်လုံးမှာ ပိုးမတွေ့ပေမယ့် ရောဂါသံသယလက္ခဏာတွေရှိရင်တော့ ကုသတာကို ချက်ချင်းလုပ်နိုင်ဖို့နဲ့ ပိုစိတ်ချရဖို့ ၁၄ ရက်တိတိ အသွားအလာကန့်သတ်ထားမှာ ဖြစ်ပါတယ်။
11 months Ago

September 29, 2020

ကိုရီးယားက မှာယူထားသည့် ကိုဗစ်-၁၉ အမြန်စစ်ကိရိယာများ ရောက်ရှိ 

ကိုရီးယားကနေ မှာယူရောက်ရှိလာတဲ့ ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ အမြန်စစ်နိုင်တဲ့ကိရိယာတွေနဲ့ ဒီနေ့ စတင် စစ်ဆေးတော့မယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်ပြီး စက်တင်ဘာ ၂၈ ရက်ညက ပြည်သူကို အစီရင်ခံတင်ပြတဲ့ မိန့်ခွန်းမှာ ပြောခဲ့တာ ဖြစ်ပါတယ်။ "တောင်ကိုရီးယားကနေပြီးတော့ ဒီရောဂါပိုး ရှိ မရှိကို မြန်မြန်ဆန်ဆန်နဲ့ မှန်မှန်ကန်ကန် စစ်ဆေးနိုင်တဲ့ Antigen test kit တွေ ရဖို့ရှိတယ်လို့ ကျမပြောခဲ့ပါတယ်။ ဒါရက်ပိုင်းအတွင်း ရောက်မယ်ဆိုတာ ကျမပြောတဲ့အတိုင်းပဲ ခုရက်ပိုင်းအတွင်း ရောက်ပါပြီ။ မနေ့ကဆိုရင် ကျမတို့အစိုးရဝယ်တဲ့ ၂ သိန်း ထဲမှာဆိုရင် ၆ သောင်း ရောက်ပါတယ်။ ဒီနေ့ဆိုရင် နောက် ၁ သိန်း ၄ သောင်း ရောက်ဖို့ရှိတဲ့အခါကျတော့ ဒီ ၂ သိန်းစလုံးဟာ ဒီနေ့ ပြည့်မှာဖြစ်ပါတယ်။ မနက်ဖြန်က စပြီးတော့ မြို့နယ်၊ ခရိုင် ဆေးရုံတွေမှာ စပြီးတော့ စမ်းသပ်တဲ့ test kit ကို သုံးမှာ ဖြစ်ပါတယ်။ နောက် မနက်ဖြန်မှာလည်း တောင်ကိုရီးယားအစိုးရကနေပြီးတော့ လှူဒါန်းတဲ့ test kit တွေထဲက ၅၀၀၀ ရောက်ဖို့ရှိပါတယ်”  ဒီကိရိယာတွေသုံးရင် ရောဂါပိုးရှိတာကို ပိုပြီးတွေ့လာရတော့မှာဖြစ်ပြီး စိတ်ဓာတ်မကျကြဖို့လည်း သူက ပြောပါတယ်။ “test kit တွေကို သုံးပြီဆိုရင် ရောဂါပိုး ရှိတာတွေ ပိုပြီးတော့ တွေ့လာမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မြန်စစ်လိုက်တဲ့ အခါကျတော့ မြန်မြန်သိရတယ်။ အဲဒါကြောင့်လည်း စိတ်ဓာတ်မကျပါနဲ့။ ဒီလိုမြန်မြန် သိရတဲ့ အခါကျတော့ စောစောစီးစီး ကုသမှုပေးနိုင်တယ်။ ပျောက်နှုန်းကပိုပြီးတော့ ကောင်းလာမယ်” လို့ ပြောပါတယ်။ လက်ရှိမှာ ကိုဗစ်လူနာတွေသေဆုံးနေတာဟာ ရောဂါအခံရှိသူတွေနဲ့ အသက်ကြီးသူတွေဖြစ်နေပြီး ကျန်းမာရေးဝန်ထမ်းတွေမှာလည်း ရောဂါကူးစက်ခံရတာ၊ သေဆုံးတာတွေရှိနေတယ်လို့ သူက ပြောပါတယ်။ ကိုဗစ်ကြောင့် ကမ္ဘာ့နိုင်ငံတွေမှာ စီးပွားရေးတိုးတက်နှုန်းဟာ သုညအောက်အထိကျဆင်းသွားပြီး မြန်မာနိုင်ငံမှာတော့ အဲလောက် မကျသေးဘူးလို့လည်း ဆိုပါတယ်။ “ကျမတို့ဟာ ခုထိတော့ သုညအောက်မကျသေးပါဘူး။ သုညအောက် မကျတဲ့ နိုင်ငံအနည်းငယ်ထဲမှာ ပါတယ်လို့ ပြောရမှာပေါ့။ ကျမတို့ အာဆီယံမှာဆိုရင် သုညအောက်မကျတဲ့ နိုင်ငံ ၃ နိုင်ငံထဲမှာ ကျမတို့နိုင်ငံ အခုထိရှိပါသေးတယ်။ ဆက်ရှိမယ်လို့တော့ ကျမတို့ အာမ မခံနိုင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အခု ဒီ ဒုတိယလှိုင်းနဲ့လည်း ကျမတို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်” မြန်မာနိုင်ငံမှာ စက်တင်ဘာ ၂၈ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉   ရောဂါအတည်ပြုလူနာပေါင်း  ၁၁,၆၃၁ ယောက်၊ သေဆုံးသူ ၂၅၆ ယောက်နဲ့ ဆေးရုံကနေ ဆင်းခွင့်ပြုခဲ့သူ ၃,၀၇၃ ယောက် ရှိပါတယ်။ ဓာတ်ပုံ- State Counsellor Office
12 months Ago

ကိုဗစ်-၁၉ အမြန်စစ်ကိရိယာ တယူနစ် ၅ ဒေါ်လာနှုန်းဖြင့်ရနိုင်မည်ဟု WHO ပြော

ဝင်ငွေနိမ့်နဲ့ ဝင်ငွေ အလယ်အလတ်ရှိတဲ့ နိုင်ငံတွေအတွက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ ဟုတ်၊ မဟုတ် အမြန်စစ်ဆေးပေးနိုင်တဲ့ ကိရိယာ သန်း ၁၂၀ ကို တယူနစ်လျှင် ၅ ဒေါ်လာနှုန်းနဲ့ ရနိုင်တော့မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က စက်တင်ဘာ ၂၈ ရက်မှာ ပြောလိုက်ပါတယ်။ ထုတ်လုပ်သူ အဘ်ဘော့နဲ့ SD ဘိုင်အိုဆန်ဆာတို့က သယ်ရ၊ သုံးရလွယ်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံ ဟုတ်၊ မဟုတ် အမြန် စစ်ဆေးနိုင်တဲ့ စမ်းသပ်ကိရိယာအသစ် သန်း ၁၂၀ ကို ၆ လအတွင်း ထုတ်လုပ်ပေးဖို့ ဘီလ်အန်မလင်ဒါဂိတ်စ်ဖောင်ဒေးရှင်းနဲ့ သဘောတူခဲ့ပြီးပြီလို့ WHO ညွှန်ချုပ်က ပြောပါတယ်။ စမ်းသပ်ကိရိယာသစ်ဟာ ၁၅ မိနစ်ကနေ မိနစ် ၃၀ အတွင်း အဖြေထုတ်ပေးနိုင်ပါတယ်။ အောက်တိုဘာလက စပြီး ဝင်ငွေနိမ့်နဲ့ ဝင်ငွေ အလယ်အလတ်ရှိတဲ့ နိုင်ငံပေါင်း ၁၃၃ နိုင်ငံ အပါအဝင် ကမ္ဘာအနှံ့ ဖြန့်ဝေသွားမှာပါ။ WHO ထိပ်တန်း အရေးပေါ် ကိစ္စရပ်များဆိုင်ရာ ပညာရှင် မိုက်ရိုင်ယန်ကလည်း ကိုဗစ်-၁၉ ကူးစက်ခံ သေဆုံးသူ ဦးရေဟာ တရားဝင် အရေအတွက်က အမှန်တကယ် သေဆုံးသူ အရေအတွက်ကို လျှော့တွက်ထားတာ ဖြစ်နိုင်ပြီး တကယ်တမ်းမှာ ကူးစက်ခံ သေဆုံးသူဦးရေ ကမ္ဘာတဝန်း  ၁ သန်းကျော် နေနိုင်တယ်လို့ ပြောပါတယ်။
12 months Ago
Up