ကိုဗစ်-၁၉ သံသယရှိလူနာ

March 23, 2020

ထိုင်းကပြန်လာသည့် ကိုဗစ်-၁၉ သံသယရှိလူနာ ၅ ဦးကို ၁၄ ရက်ထား စောင့်ကြည့်ကုသပေး

ထိုင်းကပြန်လာတဲ့ မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်နဲ့ မိတ္ထီလာတို့က သံသယရှိလူနာ ၅ ဦးကို ဆေးရုံတွေမှာ ၁၄ ရက်ထား စောင့်ကြည့်ကုသပေးနေတယ်လို့ သိရပါတယ်။  မျိုးဆက်သစ်သွေးလှူရှင်အသင်းက ဦးကျော်ကိုကိုက "ရဲနယ်ထိန်းက အကူအညီတောင်းလို့ မိတ္ထီလာဆေးရုံသီးသန့်ခန်းကို လိုက်ပို့ပေးတယ်။ ကျနော်သွားပို့တာက အမျိုးသမီး ၁ ဦး၊ အဲအခန်းမှာ အရင်ရောက်နှင့်နေတာ အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၁ ဦးရှိတယ်။ ကျနော်ပို့ခဲ့တာနဲ့ဆို ကိုဗစ် ၁၉ သံသယရှိလူနာ ၄ ဦးပေါ့ ထိုင်းက ပြန်လာကြတယ်ပြောတယ်" လို့ ဒီဗွီဘီကိုပြောပါတယ်။ ထိုင်းက ပြန်လာတဲ့ မိတ္ထီလာမြို့၊ ရန်မျိုးအောင်ရပ်ကွက် နယ်မြေ ၂ စက်ရုံလမ်းနေ အမျိုးသမီး ၁ ဦး၊ အိုင်ကြီးလည်အုပ်စု ပျော်ဘွယ်လေးရွာက အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၁ ဦးတို့ ဖျားနေတာကြောင့် မိတ္ထီလာဆေးရုံ သီးသန့်ခန်းမှာ ကိုဗစ် ၁၉ သံသယ ရှိလူနာတွေအဖြစ် ၁၄ ရက် စောင့်ကြည့်ဆေးကုသပေးနေတာပါ။ ဒါ့အပြင် ထိုင်းကပြန်လာတဲ့ ပျော်ဘွယ်မြို့နယ် စံနက်ကျော်ကျေးရွာနေ အမျိုးသား ၁ ဦးလည်း အဖျားသွေးရှိပြီး ချောင်းဆိုးနေလို့ ကိုရိုနာဗိုင်းရပ် သံသယရှိလူနာအဖြစ် ရန်အောင်တိုက်နယ်ဆေးရုံသီးသန့်ခန်းမှာ ၁၄ ရက်ထား စောင့်ကြည့်သွားကုသပေးနေတယ်လို့ ဆေးရုံတာဝန်ကျဆရာမတဦးက ပြောပါတယ်။ "ထိုင်းနိုင်ငံမှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်လုပ်လာသူအမျိုးသား ၁ ဦးပါ။ အဖျားရှိနေလို့ ကိုဗစ် ၁၉ သံသယလူနာအနေနဲ့ ကျမတို့ဆေးရုံ သီးသန့်ခန်းမှာ ဆေးကုပေးနေပါတယ်။" သတင်း-မောင်မောင်လင်း ဓာတ်ပုံ -မောင်မောင်လင်း နှင့် ကိုကျော်ကိုကို (မျိုးဆက်သစ်သွေးလှူရှင်ပရဟိတ)
2 years Ago
Up