ကိုဗစ်-၁၉ သတင်း

January 12, 2021

Thai PBS ရုပ်သံဌာနက ကိုဗစ်-၁၉ သတင်းများ မြန်မာဘာသာဖြင့် ထုတ်လွှင့် 

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ထိုင်းနိုင်ငံရဲ့ လက်ရှိ ကိုဗစ်-၁၉  ကူးစက်မှုအခြေအနေတွေသိရဖို့  ထိုင်းနိုင်ငံရဲ့ နာမည်ကြီး Thai PBS ရုပ်သံ သတင်းဌာနကနေ မြန်မာဘာသာစကားနဲ့ပါ သတင်းတွေ ထုတ်လွှင့်ပေးနေပါတယ်။ ဒီအစီအစဉ်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ကစတင်ခဲ့ပြီး အထူးသဖြင့် ထိုင်းနိုင်ငံ ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေ စီမံကွပ်ကဲရေးဗဟိုဌာန Center for Covid 19 Situation Administration (CCSA)ရဲ့ နေ့စဉ်ထုတ်ပြန်ချက်အခြေအနေတွေကို မြန်မာဘာသာနဲ့ ဘာသာပြန် ထုတ်လွှင့်ပေးတာပါ။  ဒါ့အပြင် ကိုဗစ်-၁၉ ကူးစက်ရောဂါအခြေအနေနဲ့ ပတ်သက်တဲ့ အသိပညာပေးအစီအစဉ်၊ ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေပေါ် ပြုစုကုသပေးတာနဲ့  ပတ်သက်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ဆက်သွယ်မေးမြန်းချက်တွေ၊ ရောဂါကူးစက်မှုမြင့်မားနေတဲ့ နေရာက မြန်မာလုပ်သားတွေရဲ့ အခြေအနေနဲ့ပတ်သက်တဲ့ ဆက်သွယ်မေးမြန်းချက်တွေပါ တင်ဆက်ထားပါတယ်။   အစီအစဉ်တင်ဆက်သူတွေမှာ ရည်မွန်ခြူး၊ ဒေါက်တာ ဟိန်းထက်အောင်၊ မိုးနေခြည်တို့ ဖြစ်ပြီး မြန်မာ၊ ထိုင်း၊ အင်္ဂလိပ်ဘာသာတွေနဲ့ ဆက်သွယ်ဖလှယ် ဘာသာပြန်ထုတ်လွှင့်ပေးနေတာ ပါ။   Thai PBS ဒစ်ဂျစ်တယ်လ်တီဗွီ ချနယ်လ် ၃ မှာ နေ့စဉ် မနက် ၁၁ နာရီခွဲမှာ စောင့်ကြည့်နိုင်ပြီး ယူကျုနဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်တွေမှာလည်း ကြည့်ရှုနိုင်ပါတယ်။  ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်က စမွတ်စခွန်းခရိုင် မဟာချိုင်ရှိ ပုစွန်ဈေးကြီး ကနေ ထိုင်းအမျိုးသမီးတစ်ယောက်ထံမှ ကိုဗစ်-၁၉ ပိုးတွေ့ ရှိပြီးတဲ့နောက် ပုစွန်ဈေးအနီးအနား တဝိုက်နဲ့ ဆမွတ်ဆာခွန်းမြို့တဝိုက် မြန်မာရွှေ့ပြောင်းလုပ်သား အမြောက်အမြားရှိရာနေရာနဲ့ စက်ရုံအလုပ်ရုံတွေကို ဦးတည်စစ်ဆေးခဲ့ရာမှာ ထောင်နဲ့ချီတဲ့အလုပ်သမားတွေ ကိုဗစ်-၁၉ ကူးစက်ခံထားရတာ တွေ့ခဲ့ပါတယ်။  ထိုင်းနိုင်ငံမှာ ဒီကနေ့ ဇန်နဝါရီလ ၁၂ ရက်နေ့ထိ ကိုဗစ်-၁၉ ကူးစက်ခံထားရတဲ့ ရွှေ့ပြောင်းလုပ်သားပေါင်း   ၂၈၃၉ ဦး ရှိသွားပြီ ဖြစ်ပါတယ်။ 
9 months Ago
Up