ကိုဗစ်-၁၉ လူနာ အပြင်ခိုးထွက်

October 14, 2020

ယင်းမာပင်မြို့၌ ကိုဗစ်-၁၉ လူနာ ၂ ဦး အပြင်ခိုးထွက်ပြီး စားသောက်ဆိုင်သွား

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ယင်းမာပင်မြို့မှာ ​အောက်တိုဘာ ၁၃ ရက်​ ည​နေက ကိုဗစ်-၁၉ ပိုး​တွေ့လူနာ ၂ ဦး ဆေးရုံကနေ အပြင်ခိုးထွက်​ပြီး  စားသောက်ဆိုင်ကိုသွားရောက်ခဲ့တယ်လို့  မြို့နယ်ကြက်​ခြေနီတပ်ဖွဲ့ထံက သိရပါတယ်။   အဲဒီ လူနာ ၂ ဦးဟာ စုန်းကျင်း​ကျေးရွာအုပ်စု အုံတုံပင်ရွာအနီး အမှတ်(၂၈)ရဲတပ်ရင်းက ရဲဝန်ထမ်း​တွေဖြစ်တယ်လို့ သိရပါတယ်။ ယင်းမာပင်မြို့နယ် မြို့နယ်ကြက်​ခြေနီတပ်ဖွဲ့မှူး ဦးမင်းနိုင်​ဇော်​က "ည​နေ ၆ နာရီ ဝန်းကျင်​လောက်က သူတို့ ၂ ​ယောက်က အုတ်တံတိုင်း​ကျော်ပြီး အပြင်ထွက်တာ​။ အုပ်ချုပ်​ရေးပိုင်း က ၂ ​ယောက်ကမြင်​တော့ လှမ်း​အော်တားတယ်။ ဒါလဲမရဘူး သွားတယ်။ ​ကျ​နော်တို့မြို့မှာ လုံခြုံ​ရေးအပိုင်း အားနည်းတယ်။ ကျ​နော်တို့ကလည်း ကျန်းမာ​ရေးစောင့်​ရှောက်မှုအပိုင်းနဲ့ ကူညီတဲ့ အပိုင်းပဲဆို​တော့ သူတို့သွားခဲ့တဲ့​နေရာ​တွေကို လိုက်လံ​ဆေးဖျန်းမှု​တွေ ချက်ချင်းလုပ်တယ်။ စည်းကမ်း​ဖောက်ဖျက်တဲ့သူကို နိုင်ငံ​တော်ကချမှတ်​ပေးထားတဲ့ဥပ​ဒေအတိုင်း ​​​ကျောသားရင်သား မခွဲခြားပဲ ​အ​ရေးယူဖို့လိုတာ​ပေါ့ "လို့ ​​ပြောပါတယ်။ အဆိုပါ လူနာ  ၂ ဦးသွား​ရောက်ခဲ့တဲ့​စား​သောက်ဆိုင်ကို ပိတ်သိမ်းထားပြီး ​​စျေးဆိုင်ပိုင်ရှင်နဲ့ အလုပ်သမားတွေအပါအဝင် ​စျေးဝယ်လာသူ​တွေကိုပါ Stay at home ထားရှိပြီး Sweb နမူနာရယူ စစ်​ဆေးသွားမယ်လို့ ဆိုပါတယ်။  စည်းကမ်း​ဖောက်​ဖျက်သူ ၂ ဦးကိုလည်း ဆေးရုံဆင်းခွင့်ရရှိပြီး​နောက်ပိုင်း သဘာဝ​ဘေးစီမံခန့်ခွဲမှုဥပ​ဒေနဲ့အညီ  အ​ရေးယူ​ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ယင်းမာပင်ဆေးရုံမှာ ကိုဗစ်-၁၉ ရောဂါနဲ့ ဆေးကုသခံယူ​နေတာ စုစု​ပေါင်း ၁၈ ​ယောက်ကျန်ရှိပြီး   ရဲဝန်ထမ်း ၈ ​ယောက်ရှိ​ပါတယ်။ ရဲတပ်ရင်း ၂၈ မှာ ပိုး​တွေ့ရဲဝန်ထမ်း ၉ ​ယောက်နဲ့ မိသားစုဝင်က​လေး ၁ ​ယောက် ကိုဗစ်-၁၉ ကူးစက်ခံထားရပြီး ပထမဆုံး​ပိုးတွေ့တဲ့ ရဲဝန်ထမ်း  ၂ ​ယောက်ကတော့  ​ဆေးရုံက​နေ ဆင်းသွားပြီ ဖြစ်ပါတယ်။ ယင်းမာပင်မြို့နယ်မှာ ​အောက်တိုဘာ ၁၃ ရက်​အထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာ  အယောက် ၂၀ ဦးရှိပြီး ​ဆေးရုံမှဆင်းခွင့်ရသူ  ၂ ဦးရှိပါတယ်။ သတင်း - ဌေးလှိုင်
7 months Ago
Up