ကိုဗစ်-၁၉ လူနာတွေ့

December 4, 2020

ကိုဗစ်-၁၉ လူနာတွေ့သဖြင့် နေပြည်တော်မြို့မဈေးဂိတ်နှင့် ဘောဂသီရိကားဂိတ်ကို Lockdown ချ 

နေပြည်တော်ရှိ မော်တော်ယာဉ်လိုင်းတလိုင်းက ယာဉ်မောင်း ၁ ယောက်နဲ့  ဂိတ်ဝန်ထမ်း တချို့မှာ ကိုဗစ်-၁၉ ရောဂါ တွေ့ရှိရတဲ့အတွက် မြို့မဈေးကားဂိတ်နဲ့ ဘောဂသီရိကားဝန်းတွေကို အသွားအလာကန့်သတ်မှုတွေ ပြုလုပ်ထားပါတယ်။ ရန်ကုန်မှ မြန်မာနိုင်ငံမြို့အတော်များများကို ပြေးဆွဲနေတဲ့ မော်တော်ယာဉ်လိုင်းက ယာဉ်မောင်းဖြစ်သူကို  ဒီဇင်ဘာ ၂ ရက်နေ့က စစ်ဆေးရာမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ရတာပါ။ ဒါ့အပြင် အဆိုပါယာဉ်လိုင်းက ဝန်ထမ်းတချို့မှာလည်း ရောဂါပိုးတွေ့ရတဲ့အတွက် ဒီဇင်ဘာ ၄ ရက်နေ့မှာတော့ အဆိုပါမော်တော်ယာဉ်လိုင်း  ဂိတ်နားတဲ့ မြို့မဈေးဂိတ်နဲ့ ဘောဂသီရိ ကားဝန်း တို့ကို အသွားအလာကန့်သတ်မှုတွေ ပြုလုပ်လိုက်တာပါ။ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုင်းဦးစီးဌာနမှူးဒေါက်တာမြတ်ဝဏ္ဏစိုးက “ကျနော်တို့ မြို့မဈေးမှာရှိတဲ့ ကားဂိတ်တစ်ခုပေါ့နော်။ သူက Delivery Services လုပ်တာပေါ့။ ဒီExpress ကားတွေနဲ့ ကုန်ပစ္စည်းတွေတင်တာပေါ့။ အဲ့ဒီက ယာဉ်မောင်းတစ်ယောက်က ဗုဒ္ဓဟူးနေ့ မှာ ဆေးစစ်လိုက်တော့ ပေါ့စတစ်ဖြစ်ပါတယ်။အဲ့တာနဲ့ အဲ့ဒီကားဂိတ်က contacts ၈ ယောက်ကို ကျနော်တို့က ကွာရန်တင်းထားပါတယ်။ ပုဗ္ဗသီရိမှာ။ ကွာရန်တင်းထားပြီး ဒီနေ့စစ်လိုက်တော့ အဲ့ဒီ ၈ ယောက်ထဲမှာ ၅ ယောက်က ပေါ့စတစ်ဖြစ်ပါတယ်။ အဲ့ဒီတော့ အဲ့ဒီကားဂိတ်က မြို့မဈေးမှာ ရော၊ ဘောဂသီရိမှာရော ရှိတဲ့အတွက် အဲ့ဒီ နှစ်ခုလုံးမှာ ကျနော်တို့ အသွားအလာကန့်သတ်ချက်တွေ လုပ်ပါတယ်။ သူတို့နဲ့ contacts တွေကို ရှာပြီး ကွာရန်တင်းလုပ်နေပါတယ်။” လို့ ဒီဗွီဘီကို ပြောပါတယ်။ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် Stay Home သတ်မှတ်ထားခြင်းမရှိတဲ့ မြို့နယ်တွေမှာ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်တွေကို ဒီကနေ့စတင် ဆိုင်ထိုင်ခွင့်ပြုမယ်လို့ ဒီဇင်ဘာ ၂ ရက်က အမိန့်စာထုတ်ပြန်ထားပြီး အခုရောဂါပိုးတွေ့ရှိမှု ဟာ အဆိုပါအမိန့်အပေါ် တစ်စုံတစ်ရာသက်ရောက်မှုတော့ ရှိမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ ဒေါက်တာမြတ်ဝဏ္ဏစိုးက “မြို့မဈေးနဲ့ ဘောဂသီရိဝန်းကိုတော့ အသွားအလာ ကန့်သတ်ချက်တွေ လုပ်မှာပေါ့။ ကျန်တဲ့နေရာတွေကတော့ ဆိုင်တွေ စဖွင့်ပါမယ်။ အဲတာလည်း စစ်ဆေးရေးအဖွဲ့တွေ သွားပြီးပါပြီ။ ချက်ချင်းကြီးတော့ ဒါကြောင့်မို့လို့ စားသောက်ဆိုင်တွေ ဖွင့်မှာကိုတော့ ရပ်မှာတော့ မဟုတ်ပါဘူးခင်ဗျ ” လို့ ပြောပါတယ်။ ပြည်ထောင်စုနယ်မြေ နေပြည်တော်နယ်မြေအတွင်းမှာ ဒီဇင်ဘာ ၄ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၄၅၀ ကျော်ရှိပြီလို့လည်း သိရပါတယ်။
4 months Ago
Up