ကိုဗစ်-၁၉ ပိုးမတွေ့

December 3, 2020

နွားထိုးကြီးစည်ပင်ဈေးအနီး ရပ်ထားသည့်ကားပေါ် လူ ၁ ဦးသေဆုံး၊ ကိုဗစ်-၁၉ ပိုးမတွေ့

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့ စည်ပင်သာယာစျေးအနီးရပ်ထားတဲ့  ဆပ်ပြာမှုန့်ကုမ္ပဏီ ကားပေါ်မှာ သေဆုံးနေသူကို  RDT စနစ်နဲ့စစ်ဆေးရာမှာ  ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရဘူးလို့ မြို့နယ်ဆေးရုံမှ ဆရာဝန်ကြီးဒေါက်တာအောင်ကျော်ဦးက ပြောပါတယ်။ သေဆုံးသူဟာ မန္တလေး ချမ်းမြသာစည်မြို့နယ် မနော်ဟရီမြို့သစ်၊ အောင်သာယာရပ်ကွက်နေသူ ဦးဆန်းဌေးအောင်ဆိုသူဖြစ်ပြီး နှလုံးသွေးကြောပိတ်သေဆုံးတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာ ၂ ရက်နေ့ နွားထိုးကြီးမြို့ စည်ပင်သာယာစျေးကြီးအရှေ့ဘက်တန်းမှာ ဆပ်ပြာမှုန့်ကုမ္ပဏီရဲ့ ကားတစ်စီးပေါ်မှာ လူတစ်ယောက်သေဆုံးနေကြောင်း သတင်းအရ နွားထိုးကြီးရဲတပ်ဖွဲ့၊ စည်ပင်၊ ကျန်းမာရေးဌာနနဲ့ We Love Natogyi အဖွဲ့ကသွားရောက် စစ်ဆေးခဲ့ပါတယ်။ သေဆုံးသူမှာ ကားဒရိုင်ဘာဖြစ်ပြီး ဆပ်ပြာမှုန့်ကုမ္ပဏီကားဟာ ဒီဇင်ဘာ ၂ ရက်နေ့မနက်ကမှ နွားထိုးကြီးရောက်လာကာ  နေ့လည် ၂ နာရီလောက်မှာ  ကားဆရာ သေဆုံးနေတာကို တွေ့ရတာလို့ အရောင်းတာဝန်ခံ ကပြောပါတယ်။ ကုမ္ပဏီက အရောင်းတာဝန်ခံကတော့  စျေးထဲဝင် ပစ္စည်းစာရင်းကောက်ယူနေစဉ် ယာဉ်မောင်းဖြစ်သူက  ကားခေါင်းခန်းထဲမှာ ထိုင်လျက် သေဆုံးနေတာဖြစ်ပါတယ်။ သေဆုံးသူမှာ ကိုဗစ်-၁၉ ရောဂါ ပိုးမတွေ့ရှိရပေမယ့်လည်း မြို့စည်ပင်နဲ့ ပရဟိတ အသင်းတွေက စည်ပင်စျေးအတွင်းနဲ့ စျေးပြင်ကို စျေးသိမ်းပြီးချိန်မှာ ပိုးသတ်ဆေးဖြန်းကာကွယ် ပေးခဲ့ကြတယ်လို့ မြို့စည်ပင် ကော်မတီ ဥက္ကဋ္ဌ  ဦးသန်းထိုက်အောင်က ပြောပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ရှိ စံပြစျေးအနီးမှာလည်း  ပြီးခဲ့တဲ့ညသန်းခေါင်ကျော်  ၁၂ နာရီ ၁၅ မိနစ်အချိန်လောက်က အမျိုးသမီး တစ်ဦးသေဆုံးနေတာကိုတွေ့ရှိခဲ့တယ်လို့ မြင်းခြံ နာရေးကူညီမှုအသင်းက သိရပါတယ်။ သေဆုံးသူအမျိုးသမီးကို မြင်းခြံဆေးရုံကြီးသို့ပို့ဆောင်ထားပြီး အဆိုပါ အမျိုးသမီးမှာ ကိုဗစ်-၁၉ ရောဂါ  ရှိ/မရှိဆက်လက် စစ်ဆေးသွားမယ်လို့ သိရပါတယ်။ သတင်း- ဇာဇာမောင်(CJ)
4 months Ago

September 2, 2020

မြောက်ဦး စစ်ဘေးရှောင်စခန်း ၅ ခုရှိ လူ ၁၀၀ ကျော်ကို ဆေးစစ်ချက်အရ ကိုဗစ်-၁၉ ပိုးမတွေ့

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ စစ်ဘေးရှောင်စခန်း ၅ ခုမှာ စစ်ဘေးရှောင် ၁၀၀ ကျော်ရဲ့ နှာခေါင်းနဲ့ အာခေါင်တို့ဖတ် ဓာတ်ခွဲနမူနာရယူ စစ်ဆေးချက်တွေအားလုံး ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရှိဘူးလို့ မြောက်ဦး ပြည်သူ့ဆေးရုံအုပ်ကြီးက ပြောပါတယ်။ မြောက်ဦးမြို့ ပြည်သူဆေးရုံအုပ်ကြီး ဒေါက်တာခင်မောင်သန်းက "စစ်ဘေးရှောင်စခန်း ၅ ခုကနေ ရောဂါပိုးတွေရှိသူတွေနဲ့ ထိတွေခဲ့ကြသူ ၁၀၀ ကျော်ရဲ့ နှာခေါင်းနဲ အာခေါင်တို့ဖတ်တွေကို စစ်ဆေးရာမှာ ကံကောင်းစွာပဲ အားလုံးမှာ ရောဂါပိုး မတွေ့ရှိရပါဘူး။ သူတို့အားလုံးကိုတော့ ဒုတိယအကြိမ်ပြန်စစ်ဆေးရမှာပါ"လို့ ပြောပါတယ်။ လက်ရှိတွင် ပိုးတွေ့လူနာတွေနဲ့ ထိတွေ့ခဲ့တဲ့ စစ်ဘေးရှောင်စခန်း ၅ ခု မှ လူ ၁၀၀ ကျော်ကို အဆိုပါ စစ်ဘေးရှောင်စခန်းတွေရှိ သီးသန့်သတ်မှတ်ထားတဲ့ နေရာတွေမှာ Quarantine နေထိုင်ခိုင်းထားကြောင်း စစ်ဘေးရှောင်စခန်းတွေမှ သိရပါတယ်။ လက်ရှိ မြောက်ဦးမြို့မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၁၈ ဦးအထိ ရှိနေပြီး ဒီအထဲက ၂ လသား ကလေး ၁ ဦး၊ ၆ လသား ကလေး ၁ ဦး၊ ၂ နှစ်အရွယ်ကလေး ၁ ဦးနဲ့ ၇ နှစ်အရွယ် ကလေး ၁ ဦးပါရှိကြောင်း ဆရာဝန်ကြီးက ဆက်ပြောပါတယ်။ "အသက် ၇ နှစ်အရွယ်ပိုးတွေ့လူနာရဲ့ဖခင်က မြောက်ဦးဆေးရုံက ဆရာဝန်ဖြစ်တယ်။ ဖခင်ကိုယ်တိုင်ပိုးတွေ့ထားတော့ ကလေးကို ကိုယ်တိုင်ပြုစုနိုင်တယ်။ ဒါပေမဲ့ အသက် ၂ နှစ် အရွယ်ပိုးတွေ့တဲ့ကလေးရဲ့ အမေကျတော့ Negative ဗျ။ သူမကိုကျတော့ ၄၈ နာရီအတွင်း ပြန်ပြီးစစ်ဆေးရတယ်။ ကလေးကအသက်မပြည့်ရင် မိခင်ကိုပါထားရပါတယ်။ နောက် ၂ လသား ကလေးနဲ့ ၆ လသားအရွယ် ကလေးတွေကိုပါ တစ်ဦးတည်းထားလို့ မရတာကြောင့် အမေတွေကိုပါ ကလေးတွေနဲ့အတူထားရတယ်။ ကလေး ၄ ဦးစလုံးကတော့ အားလုံး ကျန်းကျန်းမာမာပါ" လို့ မြောက်ဦးမြို့ပြည်သူဆေးရုံအုပ်ကြီး ဒေါက်တာခင်မောင်သန်းက ဒီဗွီဘီ ကိုပြောပါတယ်။ မြောက်ဦးမြို့ပြည်သူဆေးရုံမှာ ကိုဗစ်လူနာ ၂၅ ဦးအထိသာ ဆေးကုသနိုင်တဲ့အတွက် အရင်ဆေးရုံဟောင်းမှာ လူနာ ၅၀ အထိ ဆေးကုသနိုင်အောင်  ဆောင်ရွက်ထားရှိပါတယ်။ သတင်း - လင်းလက်
7 months Ago
More News
Up