ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ

October 26, 2020

မိုးကုတ်တွင် ပထမဆုံး ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ ၃ ဦး ဆေးရုံဆင်း

မိုးကုတ်မြို့မှာ ပထမဆုံး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူ ၃ ဦး ရောဂါ သက်သာပျောက်ကင်းတာကြောင့် အောက်တိုဘာလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက မိုးကုတ်မြို့နယ် ပြည်သူ့ဆေးရုံက ဆင်းခွင့်ရရှိခဲ့တယ်လို့ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန့်ရေးကော်မတီ (မိုးကုတ်) က ပြောပါတယ်။ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တဲ့ အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားတစ်ဦးဟာ ရန်ကုန်ကနေ အလုပ်လုပ်ပြီးပြန်လာသူတွေဖြစ်ကာ Quaratine ထားရှိပြီး ကိုဗစ်ရောဂါပိုးရှိမရှိ စစ်ဆေးခဲ့ရာမှ ပိုးတွေ့ရှိခဲ့တာပါ။ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန့်ရေးကော်မတီ(မိုးကုတ်) ဥက္ကဋ္ဌ ဦးလှမိုးဦးက "သုံးယောက်စလုံး သက်သာလို့ ဆေးရုံကနေ ဆင်းခွင့်ရပါတယ်၊ သူတို့က ရန်ကုန်ကအလုပ်လုပ်ပြီး ပြန်လာတဲ့သူတွေပါ၊ မန္တလေးကနေ ပြန်လာတဲ့ တစ်ယောက်ပဲ ကျန်ပါတယ်။ သူလည်း ကျန်းမာရေးကောင်းပါတယ်" လို့ ပြောပါတယ်။ သူတို့သုံးဦးဟာ မိုးကုတ်မြို့နယ်၊ ကျပ်ပြင်မြို့မှာ နေထိုင်ကြသူတွေ ဖြစ်ပြီး နေအိမ်မှာ Stay Home ၇ ရက် ဆက်လက်နေထိုင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မန္တလေးက ပြန်လာသူတဦးကိုလည်း Quaratine ထားရှိပြီး ကိုဗစ်ရောဂါပိုးရှိမရှိ စစ်ဆေးခဲ့ရာမှာ အောက်တိုဘာလ ၂၃ ရက်နေ့က ပိုးတွေ့ရှိခဲ့တာကြောင့် မိုးကုတ်ပြည်သူ့ဆေးရုံမှာ ကုသပေးနေပြီး ကျန်းမာရေးကောင်းမွန်တယ်လို့ သိရပါတယ်။ မိုးကုတ်မြို့မှာ လက်ရှိအချိန်အထိ ကိုဗစ်ရောဂါပိုးတွေ့ရှိသူ စုစုပေါင်းလေးဦးရှိပြီး သုံးဦးမှာ ဆေးရုံမှဆင်းခွင့်ရပြီဖြစ်ကာ ရန်ကုန်၊ မန္တလေးနဲ့ တရုတ်နိုင်ငံမှ ပြန်လာသူ ၁၀၀ ကျော်ကိုလည်း Quarantine ထားရှိထားတယ်လို့ သိရပါတယ်။ သတင်း - ထိန်ထိန်လင်း၊ ဓာတ်ပုံ- ဖိုးလပြည့်(မြတ်စေတနာ)
1 year Ago
Up