ကိုဗစ်-၁၉ တိုက်ဖျက်ရေး

November 16, 2020

ကိုဗစ်-၁၉ တိုက်ဖျက်ရေး တင်းကျပ်လုပ်ဆောင်ရန် မြောက်ကိုရီးယား ခေါင်းဆောင် အမိန့်ထုတ်

တကမ္ဘာလုံးမှာ ကိုဗစ်-၁၉ ကူးစက်ကပ်ဘေးသင့်နေချိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တိုက်ဖျက်ရေး အရေးပေါ်စနစ်တွေကို တင်းကျပ်ဖို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက အမိန့်ထုတ်လိုက်ပါတယ်။ လက်ရှိအာဏာရ လုပ်သားပါတီရဲ့ ပေါ်လစ်ဗျူရိုအစည်းအဝေးမှာ သဘာပတိအဖြစ် ကြီးကြပ်နေချိန်အတွင်း ခုလို အမိန့်ထုတ်တာလို့ အစိုးရမီဒီယာက နိုဝင်ဘာ ၁၆ ရက်မှာ အစီရင်ခံပါတယ်။ မြောက်ကိုရီးယား နျူကလီးယားအစီအစဉ် ရပ်တန့်ရေး နိုင်ငံတကာဒဏ်ခတ်မှုကြောင့် စီးပွားရေး ကျဆင်းနေချိန်မှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးနဲ့ နိုင်ငံရေး မတည်မငြိမ် ဖြစ်နေတုန်း နိုဝင်ဘာ ၁၅ ရက်မှာ အစည်းအဝေးကို စတင်ကျင်းပခဲ့တာပါ။ ကပ်ဘေးတိုက်ဖျက်ရေးလုပ်ငန်းတွေကို ပိုအားထုတ် လုပ်ဆောင်ပြီး တပ်လှန့်မှုအဆင့် မြှင့်ထားဖို့ ကင်မ်က ဖိအားပေး ပြောဆိုပါတယ်။ မြောက်ကိုရီးယားဟာ လူ ၁၂,၀၀၀ ကျော်ကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ရှိ၊ မရှိ စစ်ဆေးထားပြီး ကူးစက်ခံ အတည်ပြုလူနာ မရှိဘူးလို့ အစီရင်ခံထားပါတယ်။ နိုင်ငံခြားသား ၈ ယောက် အပါအဝင် လူ ၆,၁၇၃ ယောက်ကို သံသယလူနာအဖြစ် စောင့်ကြည့်နေပြီး ၁၇၄ ယောက်ကို ရောဂါခြေချုပ်နဲ့ အောက်တိုဘာ နောက်ဆုံးပတ်က သီးသန့်ခွဲထားခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO က ပြောထားပါတယ်။
7 months Ago

June 18, 2020

ကိုဗစ်–၁၉ တိုက်ဖျက်ရေးအတွက် မြန်မာကို အမေရိကန်က ဒေါ်လာ ၄ သန်း ထပ်မံပေးအပ်

မြန်မာနိုင်ငံမှာ ကိုဗစ်–၁၉ ရောဂါကူးစက်ပျံ့နှံ့မှု တိုက်ဖျက်ရေးအတွက် အမေရိကန် ပြည်ထောင်စုက ဒေါ်လာ ၄ သန်း အကူအညီ ထပ်မံပေးအပ်မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်ပါတယ်။  ထပ်ဆောင်းအကူအညီတွေကို အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီက ကျန်းမာရေး စောင့်ရှောက်မှု လက်လှမ်းမီရရှိရေး ရန်ပုံငွေအစီအစဉ်ကတဆင့် မြန်မာပြည်သူတွေကို ပေးအပ်မှာ ဖြစ်တယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံအတွင်း ကိုဗစ်–၁၉ တုံ့ပြန် တိုက်ဖျက်ရေးအတွက် ၂၀၂၀ ဖေဖော်ဝါရီလကတည်းက အမေရိကန်က ပေးအပ်လာခဲ့တာနဲ့ဆိုရင် စုစုပေါင်း ဒေါ်လာ ၁၃ ဒသမ ၅ သန်းရှိပြီလို့ သိရပါတယ်။ အမေရိကန် သံရုံးယာယီတာဝန်ခံ ဂျော့ချ်ဆစ်ဘလီက “မြန်မာနိုင်ငံရဲ့ ကိုဗစ်–၁၉ တုံ့ပြန်တိုက်ဖျက်ရေးအတွက် ပေးအပ်တဲ့ အမေရိကန် အကူအညီ ဒေါ်လာ ၁၃ ဒသမ ၅ သန်းဟာ နိုင်ငံတဝန်း ကျန်းမာရေးကဏ္ဍအတွက် ကျနော်တို့ရဲ့  ရေရှည် ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်တာဖြစ်ပါတယ်။ အခုအကူအညီဟာ ကျန်းမာရေးကဏ္ဍအတွက် ပေးအပ်ခဲ့တဲ့ ဒေါ်လာ ၁၇၆ သန်းအပါအဝင် လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်အတွင်း မြန်မာနိုင်ငံအတွက် ကာလရှည်ကြာ အကူအညီအနေနဲ့ ပေးအပ်ခဲ့မှု စုစုပေါင်း ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံအပြင် ထပ်ပြီးပေးတာ ဖြစ်ပါတယ်” လို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။ အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီက မြန်မာနိုင်ငံမှာ  ကိုဗစ်–၁၉ ရောဂါ အသိပညာပေး သတင်းအချက်အလက်တွေဖြန့်ဝေတဲ့လုပ်ငန်းတွေ၊ ပဋိပက္ခဘေးသင့်ဒေသတွေမှာ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းတွေကတဆင့် ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးရေး လုပ်ငန်းတွေနဲ့ ရောဂါစစ်ဆေးတဲ့ ဓာတ်ခွဲခန်းတွေအတွက် ကျွမ်းကျင်မှုလေ့ကျင့်သင်တန်းတွေနဲ့ ပစ္စည်းကိရိယာတွေ ကူညီပံ့ပိုးပေးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာနအတွက်လည်း အမေရိကန်အစိုးရက လက်အိတ်နဲ့ နှာခေါင်းစည်းတွေအပါအဝင် ဘေးကင်းလုံခြုံရေးဆိုင်ရာ ပစ္စည်းကိရိယာတွေ ပြီးခဲ့တဲ့ရက်ပိုင်းက ပေးအပ်ခဲ့ပါတယ်။ ဓာတ်ပုံ- US Embassy
12 months Ago
More News
Up