ကိုဗစ်-၁၉ ကူးစက်မှုလှိုင်းသစ်

January 13, 2021

ကိုဗစ်-၁၉ ကူးစက်မှုလှိုင်းသစ် ပြန်စမှာကို ဘရာဇီးအာဏာပိုင်များစိုးရိမ် 

ထောင်ချီတဲ့ ဘရာဇီးပြည်သူတွေဟာ ရီယိုဒီဂျနေရိုးမြို့က အစ်ပါနေမာကမ်းခြေကို ဒီသီတင်းပတ်ကုန်ရက်က စုပြုံ ရောက်လာခဲ့လို့ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုလှိုင်းသစ် ပြန်စမှာကို အာဏာပိုင်တွေကတော့ စိုးရိမ်နေပါတယ်။  လူထူတဲ့ ကမ်းခြေကို ရောက်လာသူ အများအပြားဟာ ပါးစပ် နှာခေါင်းစည်းတွေကို တပ်မထားတဲ့အပြင် လူချင်းခွာနေရမယ့် လမ်းညွှန်ချက်တွေကိုလည်း မလိုက်နာတာကို ရိုက်တာ သတင်းဌာနက ထုတ်လွှင့်တဲ့ ရုပ်သံထဲမှာ တွေ့ရပါတယ်။ ဘရာဇီးမှာ နေ့စဉ် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံ သေဆုံးသူ ပျမ်းမျှအားဖြင့် ၁,၁၁၁ ယောက် ရှိခဲ့ပြီး နေ့စဉ်ပျမ်းမျှ လူသေနှုန်း အယောက် ၁,၀၀၀ ကျော်တာ သြဂုတ်လနောက်ပိုင်းမှာ ပထမဆုံး ဖြစ်ပါတယ်။ တရက်အတွင်း အသစ်ကူးစက်ခံ ဦးရေ ၃၀,၀၀၀ နီးပါး ရှိခဲ့တယ်လို့လည်း ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။ ဘရာဇီးမှာ ကူးစက်မှုစကတည်းက ခုထိ ကူးစက်ခံ ဦးရေ စုစုပေါင်း ၈ ဒသမ ၁ သန်းရှိပြီး ကူးစက်ခံ သေဆုံးသူ ဦးရေ ၂၀၃,၁၀၀ ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ကိန်းဂဏန်းတွေက ဆိုပါတယ်။ ဒါကြောင့် ဘရာဇီးဟာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လူသေမှု ကမ္ဘာ့ဒုတိယအများဆုံးနိုင်ငံ ဖြစ်လာပါတယ်။ အိမ်နီးချင်း မက္ကဆီကို၊ ချီလီနဲ့ အာဂျင်တီးနားတို့မှာ ကာကွယ်ဆေး စတင်ထိုးနှံနေပေမယ့် ဘရာဇီးကတော့ အက်စ်ထရာဇေနေကာနဲ့ စီနိုဗက်ကုမ္ပဏီတွေက ထုတ်တဲ့ ကာကွယ်ဆေးတွေကို အရေးပေါ် သုံးခွင့်ပေးဖို့ လျှောက်လွှာကို ဘရာဇီး ကျန်းမာရေး စည်းမျဉ်းကြပ်မတ်ရေးဌာန အန်ဗီဇာက သောကြာနေ့မှာ လက်ခံရရှိထားပါတယ်။
10 months Ago
Up