ကိုဗစ်-၁၉ ကူးစက်ခံရသည့် မဲရုံတာဝန်ကျဆရာ၊ ဆရာမများ

November 25, 2020

ကိုဗစ်-၁၉ ကူးစက်ခံရသည့် မဲရုံတာဝန်ကျဆရာ၊ ဆရာမများကို ထောက်ပံ့ငွေပေးအပ်မည်

၂၀၂၀ ထွေထွေရွေးကောက်ပွဲမှာ မဲရုံတာဝန်ထမ်းဆောင်ရင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရတဲ့ ဆရာ၊ဆရာမတွေနဲ့ ပညာရေးဝန်ထမ်းတွေကို မြန်မာနိုင်ငံလုံးဆိုင်ရာဆရာ၊ ဆရာမများအဖွဲ့ချုပ်က ထောက်ပံ့ငွေပေးအပ်သွားဖို့ရှိနေပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာဆရာ၊ ဆရာမများအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါက်တာဇော်မျိုးလှိုင်က "တာဝန်ထမ်းဆောင်ရင်း ရောဂါကူးစက်ခံခဲ့ရတဲ့ ပညာ​ရေးဝန်ထမ်းတွေကို အဖွဲ့ချုပ်ရဲ့ ရန်ပုံငွေထဲက တတ်နိုင်သလောက် ကူညီထောက်ပံ့ရင်း အားပေးစကားပြောသွားမှာဖြစ်ပြီး ပညာရေး ဝန်ကြီးဌာနကိုလည်း ကူးစက်ခံရတဲ့ ဆရာ၊ဆရာမတွေအတွက် တခြားနည်းလမ်းနဲ့ကူညီဖို့ တင်ပြထားပါတယ်"လို့ ပြောပါတယ်။ ဆရာ၊ဆရာမ တဦးကို ထောက်ပံ့မယ့်ငွေပမာဏကို သေချာမသတ်မှတ်ရသေးတာကြောင့် အစည်းအဝေးမှာ ဆွေးနွေးတိုင်ပင်ပြီးမှ သိရမယ်လို့ဆိုပါတယ်။ ရောဂါပိုးတွေ့ရှိတဲ့ ဆရာ၊ဆရာမများ၊ ပညာရေးဝန်ထမ်းတွေအနေနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများအဖွဲ့ချုပ်သို့ ဆက်သွယ်ရန်ဖုန်းနံပါတ်တွေကို လူမှုကွန်ရက်စာမျက်နှာကတဆင့် ကြေညာပေးထားပြီး ဖြစ်ပါတယ်။  ဒီ​နေ့အချိန်အထိ ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ဆရာ၊ဆရာမ အယောက် ၃၀ ကျော်အထိ ရှိနေပြီလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများအဖွဲ့ချုပ်ဆီက သိရပါတယ်။ သတင်း- အိသဇင်ခိုင်
5 months Ago
Up