ကိုဗစ် ၁၉ ကူးစက်ခံရမှု

A d v e r t i s e m e n t With Us

October 19, 2020

ကိုဗစ်-၁၉ ကူးစက်ခံရမှု အများဆုံး အာရှနိုင်ငံများတွင် မြန်မာက အဆင့် ၂၉ တွင်ရှိနေ

       လတ်တလော ကမ္ဘာ့နိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု အများဆုံး အာရှ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက ကူးစက်ခံရသူဦးရေ ၃၆,၀၀၀ ကျော်နဲ့ အဆင့် ၂၉ နေရာ မှာ ရှိနေတယ်လို့ Worldometers ဝက်ဆိုက်မှာ ဖော်ပြပါတယ်။        အာရှနိုင်ငံတွေထဲ ရောဂါကူးစက်မှုအမြင့်ဆုံးနိုင်ငံကတော့ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံ တနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံဖြစ်ပြီး ကူးစက်ခံရသူ ၇ ဒသမ ၅ သန်းကျော်နဲ့ သေဆုံးသူ ၁၁၄,၆၂၁ ယောက်ရှိနေတာ ဖြစ်ပါတယ်။        အိန္ဒိယနိုင်ငံရဲ့ နောက်မှာတော့ အီရန်နိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၅၃၀,၃၈၀ ယောက်နဲ့ သေဆုံးသူ ၃၀,၃၇၅ ယောက်၊ အီရတ်နိုင်ငံက ရောဂါကူးစက်ခံရသူ ၄၂၆,၆၃၄ ယောက်နဲ့ သေဆုံးသူ ၃၀,၃၇၅ ယောက်စီနဲ့ ထိပ်ဆုံး ၃ နိုင်ငံအနေနဲ့ ရှိနေတာပါ။        အဆင့် ၄ နေရာမှာတော့ မြန်မာနိုင်ငံရဲ့ နောက်ထပ်အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရောဂါကူးစက်ခံရသူ ၃၈၈,၅၆၉ ယောက်၊ သေဆုံးသူ ၅,၆၆၀ ယောက်နဲ့ ရှိနေပါတယ်။        အဲဒီနောက်မှာတော့ အာဆီယံနိုင်ငံတွေထဲ ကူးစက်မှုအမြင့်ဆုံးနိုင်ငံ ၂ နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၃၆၁,၈၆၇ ယောက်နဲ့ ၃၅၆,၆၁၈ ယောက်စီ အသီးသီးနဲ့ ရှိပါတယ်။        ဂျပန်နိုင်ငံကတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၉၂,၆၅၆ ယောက်၊ သေဆုံးသူ ၁,၆၇၀ နဲ့ အဆင့် ၁၇ နေရာမှာ ရှိနေပါတယ်။        ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၈၅,၆၇၂ ယောက်၊  စုစုပေါင်း သေဆုံးသူ ၄,၆၃၄ ယောက်နဲ့ ထပ်မံ တိုးလာ ခြင်းမရှိပဲ အာရှနိုင်ငံအလိုက် အမှတ်စဉ် ၁၈ နေရာထိ ကျဆင်းသွားခဲ့ပြီ ဖြစ်ပါတယ်။ အာဆီယံနိုင်ငံတနိုင်ငံဖြစ်တဲ့ စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေ အတွက် ၅၇,၉၁၁ ယောက်နဲ့ သေဆုံးသူ ၂၈ ယောက် ရှိနေပြီး အာရှအဆင့် ၂၃ မှာ ရှိနေခဲ့တာပါ။ လတ်တလော ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံကတော့ အောက်တိုဘာ ၁၈ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၃၆,၀၂၅ ယောက်၊ သေဆုံးသူ ၈၈၀ ယောက်နဲ့ အာရှအဆင့် ၂၉ မှာ ရှိပါတယ်။ ဒါဟာ အာဆီယံနိုင်ငံတွေထဲမှာ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်ပြီးရင် မြန်မာနိုင်ငံက ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုအများဆုံး တတိယမြောက်နိုင်ငံ ဖြစ်လာနေခဲ့တာပါ။ မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက် ၂၀,၄၉၈ ယောက်နဲ့ သေဆုံးသူ ၁၈၇ ယောက်ရှိနေပြီး အဆင့် ၃၁ နေရာမှာ ရှိနေတာပါ။ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက် ၃,၆၈၆ ယောက်နဲ့ ခုရက်ပိုင်းအတွင်း သေဆုံးသူ ထပ်တိုးမလာဘဲ ၅၉ ယောက်ရှိနေပြီး အာရှအဆင့် ၃၈ နေရာမှာ ရှိနေခဲ့ပါတယ်။        နောက်ထပ် အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ လာအိုနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက် ၂၃ ယောက်နဲ့ အာရှဒေသတွင်း ကူးစက်မှုအနည်းဆုံးနိုင်ငံ ဖြစ်နေပြီး သေဆုံးလူနာ ခုချိန်ထိ မရှိသေးပါဘူး။        တကမ္ဘာလုံးမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ ၄၀ ဒသမ ၂ သန်းကျော်လာခဲ့ပြီ ဖြစ်ကာ သေဆုံးသူ ၁ ဒသမ ၁ သန်းကျော် ရှိခဲ့ပြီ ဖြစ်ပါတယ်။
4 months Ago

April 27, 2020

မြန်မာအလုပ်သမားများ ကိုဗစ် ၁၉ ကူးစက်ခံရမှု ထိုင်းကျန်းမာရေးက အကြောင်းမကြားသေးဟု သံအရာရှိပြော

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား ၅၀ ကျော် ကိုဗစ် ၁၉ ကူးစက်ခံရတဲ့ အကြောင်းကို သတင်းတွေကနေတဆင့်သာ သိရှိရပြီး ထိုင်းကျန်းမာရေးဌာနက မြန်မာသံရုံးကို သီးသန့် အကြောင်းကြားလာတာ မရှိသေးဘူးလို့ မြန်မာသံအရာရှိ မြန်မာအလုပ်သမား သံအရာရှိ ဦးဝေလင်းမောင်က ဒီဗွီဘီကို ပြောပါတယ်။ ထိုင်းနိုင်ငံမှာ တရားဝင်အနေနဲ့ရော တရားမဝင်အနေနဲ့ပါ ရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား ၅၂ ဦး COVID-19 ပြင်းထန်းအဆုတ်ရောင်ရောဂါ ကူးစက်ခံနေရတယ်လို့  ထိုင်းပီဘီအက်စ် တီဗွီသတင်းမှာ ဖော်ပြထားတာပါ။ အဆိုပါ ၅၂ ဦးမှာ ဘန်ကောက်ခရိုင် နယ်မြေ ၆ ခုထဲမှာ အလုပ်လုပ်နေသူ  ၁၈ ဦးနဲ့ ထိုင်းတောင်ပိုင်း ဆုန်ခလာခရိုင်အကျဉ်းထောင်ထဲရောက်နေသူ  ၃၄ ဦးတို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံမှာ ကိုဗစ် ၁၉ ကူးစက်ခံရသူအားလုံးကို ထိုင်းအစိုးရက အခမဲ့ကုသပေးနေလို့ အထူးကူညီစရာမလိုဘဲ ကိုဗစ် ၁၉ လူနာဖြစ်တာကြောင့် သွားရောက်ကြည့်ရှုအားပေးလို့လည်း မရဘူးလို့ သံအရာရှိက ပြောပါတယ်။ “ဒီကိုဗစ်ဖြစ်နေတဲ့အနေအထားကျတော့ ဒီထိုင်းနိုင်ငံရဲ့  ကျန်းမာရေး စောင့်ရှောက်မှုနဲ့ဆိုတော့ သူတို့က စပါယ်ရှယ်ကေ့စ်ဖြစ်တဲ့အတွက် တော်ရုံတန်ရုံဝင်ဖို့ ထွက်ဖို့ဆိုတာ မလွယ်ပါဘူး၊ မြန်မာသံရုံးကို သီးသန့်အကြောင်းကြားတာမျိုးမရှိပါဘူး။ ကျနော်တို့ တဖက်နဲ့တဖက်စုံစမ်းတာပဲရှိပါတယ်။ အိုင်ဒီစီထဲမှာ ဖြစ်သွားတဲ့ကိစ္စကို မေးကြည့်တာ သူတို့ကအဲ ဒီလူတွေကို ကျန်းမာရေးဌာနဘက်ကို လွှဲပြောင်းပေးထားတယ်လို့ ပြောတယ်။  သူတို့ကလည်း အခမဲ့ကူညီပေးနေတာ။ အိုင်ဒီစီထဲမှာ ကျန်းမာရေးစောင့်ရှောက်မှုဆိုတာလည်း ရှိပါတယ်။ ဘန်ကောက်ထဲမှာ ဖြစ်နေတာတွေက  ကျနော်တို့မှာက အခက်အခဲလေးတွေက ဘာရှိနေလဲဆိုတော့   ဒီကိုဗစ်က ပုံမှန်ရောဂါမဟုတ်တော့  တော်ရုံတန်ရုံ  သွားတွေ့ဖို့က မလွယ်ဘူး။ ကျနော်တို့လည်း သွားရတာခက်ခဲတယ်။ သူတို့ကျန်းမာရေးဌာနက ထုတ်ပြန်မှသာ ကျနော်တို့သိနိုင်တာပါ။” ဒါ့အပြင် ထိုင်းနိုင်ငံမှာ ကိုဗစ် ၁၉ ကူးစက်ကာလအတွင်း အစိုးရက အရေးပေါ်ကြေညာချက်၊ ကာဖျူးအမိန့်တွေ ထုတ်ပြီး ခရီးသွားလာတာ၊ လူစုလူဝေးနေထိုင်တာ၊ အိမ်ပြင်ထွက်တာ၊ အများပြည်သူဆိုင်ရာ နေရာဌာနတွေ ပိတ်ပင်ထားတာကြောင့် အလုပ်လက်မဲ့ဖြစ်နေရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် အလုပ်သမား သံအရာရှိရုံးက လူမှုဖူလှုံရေး အာမခံကြေးရအောင် လိုက်လံဆောင်ရွက်ပေးနေသလို ဒေသထဲက အလုပ်သမား ကူညီရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး အခြေခံစားနပ်ရိက္ခာတွေ လိုက်လံ ဝေငှပေးနေတယ်လို့ ဆိုပါတယ်။  ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံပြန်ဖို့ အမည်စာရင်းပေးတဲ့ အလုပ်သမား ၅၃၀၀ ကျော်ရှိပြီလို့ မြန်မာအလုပ်သမား သံအရာရှိ ဦးဝေလင်းမောင်က ဒီဗွီဘီကို ပြောပါတယ်။ ထိုင်းနိုင်ငံမှာ ဒီနေ့မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၉၂၂ ဦး၊ သေဆုံးသူ ၅၁ ဦးနဲ့ ရောဂါသက်သာပျောက်ကင်းလာသူ ၂၅၉၄ ဦးရှိတယ်လို့ worldometers ဝက်ဆိုက်မှာ ဖော်ပြထားပါတယ်။
10 months Ago
Up