ကိုဗစ်-၁၉ ကာကွယ်ဆေးစမ်းသပ်မှု

October 27, 2020

အောက်စ်ဖို့ဒ် ကိုဗစ်-၁၉ ကာကွယ်ဆေးစမ်းသပ်မှု သက်ကြီးရွယ်အိုများအတွက် ရလဒ်ကောင်း 

ဗြိတိန်အခြေစိုက် အောက်စ်ဖို့ဒ်တက္ကသိုလ်နဲ့ အဲ့စ်ထရာဇေနေကာ နိုင်ငံစုံကုမ္ပဏီတို့ ပူးတွဲစမ်းသပ်နေတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးဟာ သက်ကြီးနိုင်ငံသားတွေအပေါ်မှာ အားရစရာကောင်းတဲ့ တုံ့ပြန်မှုကိုပေးတယ်လို့ ကနဦး ရလဒ်တွေအရ သိရပါတယ်။ ကာကွယ်ဆေးဟာ သက်ကြီးအုပ်စုမှာ တီဆဲလ်နဲ့ ရောဂါဒဏ်ကာကွယ်တဲ့ ပဋိပစ္စည်းတွေကို လှုံ့ဆော်ပေးတယ်လို့ တွေ့ရှိချက်နဲ့ပတ်သက်ပြီး ရင်းနှီးတဲ့ သတင်းရင်းမြစ် နှစ်ယောက်ကို ကိုးကားပြီး ဖိုင်နန်ရှယ်တိုင်းမ်စ်သတင်းမှာ ရေးပါတယ်။ ဒါကြောင့် ကာကွယ်ဆေး ထိုးထားပြီးရင် ဗိုင်းရပ်စ်ကြောင့် အပြင်းအထန် နာမကျန်းဖြစ်တာ သေဆုံးတာတွေ မဖြစ်စေမယ့် သက်သေတွေကို ရှာနေတဲ့ သုတေသီတွေအတွက် အားတက်စရာ ဖြစ်ပါတယ်။ အမေရိကန် ဆေးဝါးကွပ်ကဲမှုဌာနက အတည်ပြုပြီးရင် စမ်းသပ်ဆဲ ကာကွယ်ဆေးကို အမေရိကန်နိုင်ငံမှာ လက်တွေ့စမ်းသပ်မှု စမယ်လို့ အဲ့စ်ထရာဇေနေကာက အောက်တိုဘာ ၂၂ ရက်မှာ ပြောပါတယ်။ တွေ့ရှိချက် အသေးစိတ်ကို ကျန်းမာရေး လက်တွေ့ကုသမှုဆိုင်ရာ ပညာရပ်ဂျာနယ် တစောင်မှာ ပုံနှိပ်ဖော်ပြဖို့ မျှော်လင့်ထားတယ်လို့ ဖိုင်နန်ရှယ်တိုင်းမ်စ်က ပြောပါတယ်။ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါတိုက်ဖျက်ရေး ကာကွယ်ဆေးကို အပြိုင်အဆိုင် ထုတ်ဖို့ ကြိုးစားနေချိန်မှာ အဲ့စ်ထရာဇေနေကာကုမ္ပဏီနဲ့ အောက်စ်ဖို့ဒ်တက္ကသိုလ် သုတေသီတွေ ထုတ်လုပ်ဖို့ ကြိုးစားနေတဲ့ဆေးဟာ ရှေ့ဆုံးမှာ ပြေးနေတယ်လို့ သုံးသပ်ထားကြပါတယ်။ သူတို့ထုတ်တဲ့ AZD1222 ဆေးကို ဧပြီလက အဲ့စ်ထရာဇေနေကာအတွက် လိုင်စင် ထုတ်ပေးခဲ့ပါတယ်။
1 year Ago
Up