ကိုဗစ်-၁၉ ကာကွယ်ကုသရေး

August 20, 2021

ကမ္ဘောဒီးယားက မြန်မာကို ကိုဗစ်-၁၉ ကာကွယ်ကုသရေး ဆေးစ္စည်းများထပ်မံလှူဒါန်း

မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းတွေမှာ  အသုံးပြုဖို့အတွက် ကမ္ဘောဒီးယားနိုင်ငံက ဆေးဝါးပစ္စည်းတွေ သြဂုတ် ၁၉ ရက်က အထူးလေယာဉ် ၃ စီးနဲ့  ပေးပို့ လှူဒါန်းလိုက်ပါတယ်။ 

ဒီလှူဒါန်းမှုဟာ ကမ္ဘောဒီးယားနဲ့ ကပ်ရောဂါကို ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံအကြားက ခိုင်မာတဲ့နှောင်ကြိုးတွေကို ထုတ်ဖော်ပြသခဲ့တာလို့ ကမ္ဘောဒီးယားကျန်းမာရေး၀န်ကြီး မမ်ဘန်ဟန်က  ဘန်ဟန်က ပြောပါတယ်။

ကမ္ဘောဒီးယားမှာလည်း ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြင်းထန်နေချိန်မှာ တခြားနိုင်ငံတွေကို ကူညီနိုင်သေးတာဖြစ်ပြီး ဒါဟာလည်း ဒေသတွင်းမှာသာမက ကမ္ဘာ့အခြားဒေသတွေမှာပါ ပြည်သူ တွေနဲ့အတူ စည်းလုံးညီညွတ်မှုကို ပြသတဲ့ ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ မဟာဂရုဏာနဲ့ ကြီးမြတ်တဲ့ စိတ်နှလုံးသားပါပဲလို့ ဆိုပါတယ်။ 

မြန်မာကိုပေးတဲ့ ဆေးဘက်ဆိုင်ရာအထောက်အပံ့တွေမှာ  Mask သုံးသန်း၊ ကိုဗစ်အမြန်စစ် AG sets စမ်းသပ်ကိရိယာ ၅ သိန်း၊ PPE ဝတ်စုံ ၂၀၀၀ ၊ အလိုအလျောက် အောက်ဆီဂျင်ထုတ်လုပ်စက် Oxygen Concentrators ၁၀၀၊ အသက်ရှူအကူ ventilator စက် ၂၀၊ အရေးပေါ် လူနာစောင့်ကြည့် ကိရိယာ အစုံ ၂၀ စသဖြင့် ပါဝင်ပါတယ်။ 

ကမ္ဘောဒီးယားအစိုးရဟာ မြန်မာနိုင်ငံကို ဒေါ်လာ ၂ သိန်း တိုက်ရိုက်ထောက်ပံ့တဲ့အပြင် အာဆီယံ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်ရေးညှိနှိုင်းမှုဗဟိုဌာနမှ တဆင့်  ဒေါ်လာ ၁ သိန်းကိုလည်း  မြန်မာနိုင်ငံအတွက် ပေးအပ်လှူဒါန်းခဲ့ပါတယ်။

ကမ္ဘောဒီးယားကြက်ခြေနီဥက္ကဋ္ဌ  ဘန်ရာနီဟူဆန်ကလည်း ကိုဗစ်-၁၉  အကျပ်အတည်းကာလအတွင်း မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကူညီ ဖြေရှင်းပေးဖို့ မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့ကနေတဆင့် ဒေါ်လာ ၁ သိန်း လှူဒါန်းခဲ့ပါသေးတယ်။ 

ဒါဟာ မြန်မာနိုင်ငံကို ကိုဗစ်-၁၉ အထောက်အပံ့တွေ ပေးအပ်ခဲ့တဲ့ ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။ 

၂၀၂၀ နို၀င်ဘာလတုန်းကလည်း ကမ္ဘောဒီးယားနိုင်ငံဟာ Mask နှစ်သန်းနဲ့ ဆေးဝါးအထောက်အပံ့တွေကို ထောက်ပံ့ခဲ့ပါသေးတယ်။ 

အခုတကြိမ် ကမ္ဘောဒီးယားက လှူဒါန်းတဲ့ အထောက်အကူပြုပစ္စည်းတွေ ဩဂုတ် ၁၉ ရက်မနက်က အထူးလေယာဉ် ၃ စီးနဲ့ နေပြည်တော်လေဆိပ်ကိုရောက်ရှိလာပါတယ်။  

မြန်မာနိုင်ငံအတွက် ကမ္ဘောဒီးယားနိုင်ငံအစိုးရနဲ့ ပြည်သူတွေက အထောက်အကူပြု ဆေးပစ္စည်းတွေ လှူဒါန်းတဲ့ အခမ်းအနားကိုလည်း နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ပဲ မနေ့ကကျင်းပခဲ့ပြီး စစ်ကောင်စီ  ကျန်းမာရေးဝန် ဒေါက်တာသက်ခိုင်ဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါတယ်။ 

Photo- MOI

2 years Ago

July 22, 2020

ကိုဗစ်-၁၉ ကာကွယ်ကုသရေးအတွက် ကလိုရင်းဒိုင်အောက်ဆိုက်ဆေးကို ထုတ်လုပ်ရန် ဘိုလီးဗီးယားလွှတ်တော် အတည်ပြု

အမေရိကန် အစားသောက်နဲ့ဆေးဝါးအဖွဲ့ FDA အပါအဝင် ကျန်းမာရေး အာဏာပိုင် တော်တော်များများက အန္တရာယ်ရှိတယ်လို့ သတ်မှတ်ထားတဲ့  အငြင်းပွားဖွယ် ကလိုရင်းဒိုင်အောက်ဆိုက်ဆေးကို ဝယ်ဖို့ စောင့်နေတဲ့ လူတန်းရှည်ကြီးကို ဘိုလီးဗီးယားနိုင်ငံ ကိုချာဘမ်ဘာ မြို့ဆေးခန်းတခု အပြင်မှာ ဇူလိုင် ၂၁ ရက်က တွေ့ရပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ကုသရေးအတွက် အငြင်းပွားဖွယ် ကလိုရင်းဒိုင်အောက်ဆိုက် ဆေးကို ထုတ်လုပ်ပြီး သုံးဖို့ ဘိုလီးဗီယားနိုင်ငံရဲ့ အထက်လွှတ်တော်ဟာ ဇူလိုင် ၁၄ ရက်နေ့က အတည်ပြုခဲ့ပါတယ်။ ချွတ်ဆေးလို အာနိသင်ရှိတဲ့ ဒီဆေးကို ထိုးသွင်းလိုက်တဲ့ လူနာတွေမှာ ဖျားနာ နေထိုင်မကောင်းတာ ဖြစ်တတ်တယ်လို့လည်း ဆိုပါတယ်။ ဒါပေမဲ့  အထက်လွှတ်တော်မှာ အတည်ပြုလိုက်တဲ့ ဒီဥပဒေကြမ်းကို အောက်လွှတ်တော်မှာ ဆက်ဆွေးနွေးဖို့ရှိပေမယ့် လွှတ်တော်နှစ်ရပ်စလုံးကို အာဏာရ ဆိုရှယ်လစ်ပါတီက ထိန်းချုပ်ထားပြီး သမ္မတမှာလည်း ဥပဒေကို ကိုင်တွယ်ဖို့ ဗီတိုအာဏာ တစိတ်တပိုင်းပဲ ရှိပါတယ်။ ဘိုလီဗီးယားကျန်းမာရေးဝန်ကြီးဌာနကတော့ ဒီဆေးဟာ သုံးစွဲသူတွေအတွက် စိုးရိမ်စရာ ကောင်းလောက်တဲ့ ကျန်းမာရေးအန္တရာယ်ရှိတယ်လို့ ပြီးခဲ့တဲ့ ဇွန်လကတည်းက ပြောခဲ့တာပါ။ ဒီဆေးဟာ လူတွေ သုံးစွဲဖို့ မသင့်တော်ဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနအရာရှိ ဒေါက်တာ ရေနေဆာဟိုနေရိုက ဇူလိုင် ၂၁ ရက်မှာ ပြောပြီး ကုသရေးမှာ မသုံးဖို့ တားမြစ် ပိတ်ပင်ထားပါတယ်။
3 years Ago
Up