ကိုဗစ်-၁၉ ကပ်ဘေးကာလ

October 8, 2020

နေတိုးနှင့် နှင်းဆီအဖွဲ့သားများ၏ ကိုဗစ်-၁၉ ကပ်ဘေးကာလ “ခွန်အားပေးစကား”(ရုပ်သံ)

       တကျော့ပြန်ကူးစက်မှုတွေနဲ့ ကိုဗစ်-၁၉ ရောဂါကပ်ဘေး ဒုတိယလှိုင်းကာလမှာ အားလုံးကို စိတ်အားမလျှော့လိုက်ကြဖို့ နေတိုးနဲ့ နှင်းဆီအဖွဲ့သားတွေက ခွန်အားပေးစကား ပြောလိုက်ပါတယ်။        နှင်းဆီအဖွဲ့သားတွေရဲ့ စိတ်ခွန်အားပေးရုပ်သံဗွီဒီယိုကိုတော့ သရုပ်ဆောင်မင်းသား နေတိုးက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ ခုလိုရေးသားပြီး မျှဝေထားခဲ့တာပါ။        “ကျနော်တို့အားလုံး ဘယ်လိုအ​​​ခြေအ​နေမျိုးမှာပဲ ရှိ​နေရှိ​နေ အားမ​လျှော့လိုက်ကြ ပါနဲ့ခင်ဗျာ… တချိန်ချိန်မှာ ကျနော်တို့အားလုံး​ မျှော်လင့်​နေတဲ့​ ပျော်ရွှင်စရာ​နေ့​ရက်​တွေကို​ ရောက်ကို​ရောက်ရမယ်လို့ ယုံကြည့်ပါတယ်… အားလုံးပဲ fighting ပါ… ကျန်းမာ​ရေး ဝန်ထမ်းများ ပရဟိတအဖွဲ့များနဲ့ အလှူရှင်းများအား​လုံးကို အမြဲဂုဏ်ယူ​နေမှာပါ။” ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အောက်တိုဘာ ၇ ရက်နေ့ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း၂၁,၄၃၃  ယောက်၊ သေဆုံးသူ ၅၁၀  နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၆,၀၈၄ ယောက် ရှိပါတယ်။ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) စီစဉ်ပြီး နာမည်ကြီး သရုပ်ဆောင် မင်းသား မင်းသမီးတွေ ပါဝင်တင်ဆက်တဲ့ နှင်းဆီအငြိမ့်အဖွဲ့ကို ၂၀၀၇ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး အခုနှစ်မှာတော့ ၁၄ နှစ်ပြည့် ဆင်စွယ်ရတုမြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီအဖွဲ့ထဲမှာတော့ သရုပ်ဆောင်မင်းသား နေတိုး အပါအဝင် နာမည်ကြီး သရုပ်ဆောင် မင်းသားတွေ ဖြစ်ကြတဲ့ မင်းမော်ကွန်း၊ ကျော်ကျော်ဗို၊ ထွန်းထွန်း၊ ရဲလေးတို့ နှင်း ဆီအဖွဲ့သားတွေနဲ့ သရုပ်ဆောင်မင်းသမီးတွေ ဖြစ်ကြတဲ့ ဖူးစုံ၊ မိုးယုစံ၊ မေကဗျာနဲ့ မိုး ပြည့်ပြည့်မောင်တို့ရဲ့ ကပြဖျော်ဖြေမှုတွေနဲ့ ပရိသတ်တွေကို ဆယ်စုနှစ်ချီ ဖမ်းစားထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုနှစ်မှာတော့ ကိုဗစ်-၁၉ ကြောင့် ပြင်ပဖျော်ဖြေပွဲတွေ မလုပ်နိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့က Unplugged ဖျော်ဖြေပွဲတခုကို အွန်လိုင်းပေါ်ကတဆင့် ပြုလုပ်ခဲ့ကာ လိုက်ဖ်သီဆိုဖျော်ဖြေမှုတွေနဲ့ တင်ဆက်ခဲ့ကြပါတယ်။ အဲဒီဖျော်ဖြေပွဲမှာတော့ နေတိုးနဲ့အတူ ကျော်ကျော်ဗို၊ မင်းမော်ကွန်း၊ ထွန်းထွန်း၊ ရဲ လေးတို့က အတူဖျော်ဖြေခဲ့ကြတာဖြစ်ပြီး မင်းသမီးတွေတော့ မပါဝင်ခဲ့ပါဘူး။ နှင်းဆီရင်ခွင်ဖောင်ဒေးရှင်းအနေနဲ့ လူမှုအကျိုးပြုလုပ်ငန်းတွေမှာ တတပ်တအား လှူဒါန်းမှုတွေကို အခါအားလျော်စွာ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်နေ့ကလည်း ရန်ကုန်မြို့ ကွာရန်တင်းစင်တာ ၃ ခုကို နှင်းဆီရင်ခွင်ဖောင်ဒေးရှင်းအနေနဲ့ အောက်ဆီဂျင် အသက်ရှူစက် ၁၅ လုံး လှူဒါန်းခဲ့ပါသေးတယ်။ လတ်တလော “အားတင်းထားပါတို့မြန်မာ” အမည်နဲ့ စိတ်ခွန်အားပေးစကား ပြောခဲ့ကြသူတွေထဲမှာတော့ နှင်းဆီအဖွဲ့သားတွေထဲက ဖူးစုံ၊ ရဲလေး၊ မင်းမော်ကွန်း၊ ထွန်းထွန်း၊ မိုးပြည့်ပြည့်မောင်၊ ဒါရိုက်တာ မောင်မျိုးမင်း၊ ကျော်ကျော်ဗို၊ မိုးယုစံ၊ နေတိုး တို့က ပါဝင်ပြောကြားပေးထားကြတာကို တွေ့ရပါတယ်။ “ရန်ကုန်ရေ အားမလျှော့လိုက်ပါနဲ့… အရင်လိုပျော်ရွှင်စရာကောင်းတဲ့ နေ့ရက် တွေကို ပြန်လည်ပိုင်ဆိုင်နိုင်ဖို့အတွက် မြန်မာနိုင်ငံကြီးတခုလုံး အခုရင်ဆိုင်နေရတဲ့ အခက်အခဲတွေအားလုံး… ဘေးအန္တရာယ်ဟူသမျှ အမြန်ဆုံး ကင်းစင်လွင့်ပျောက်သွားမှာ ပါရှင်… ကျနော်တို့ လက်ဝှေ့အားကစားနည်းမှာ စည်းကမ်းချက်လေးတခုရှိပါတယ်… အဲဒါက ထိုးသတ်တဲ့အချိန်မှာ ကိုယ်နဲ့ ပြိုင်ဘက်အတွက် ဘယ်နှကြိမ်လဲကျလဲဆိုတာ အကြောင်းမဟုတ်ပါဘူး…သူက ပြန်မထနိုင်တော့ရင် အရှုံးပါပဲ… ပြန်ထနိုင်သရွေ့ သူဟာ ဘယ်တော့မှ မရှုံးဘူး… ရန်ကုန်ရေ အားတင်းထားပါ… ကပ်ရောဂါဘေးကြီးကနေ အမြန်ဆုံး ကင်းဝေးပြီးတော့ ကျနော်တို့ အားလုံးလိုချင်နေတဲ့ ပျော်ရွှင်စရာကောင်းတဲ့ နေ့တနေ့ကို ရောက်ကိုရောက်လာရမယ်လို့ ယုံကြည်ပါတယ်ခင်ဗျား… အားလုံးပဲ Fighting”
7 months Ago

May 27, 2020

ကိုဗစ်-၁၉ ကပ်ဘေးကာလမှာ တတပ်တအား ပါဝင်လှူဒါန်းခဲ့သည့် ဖိုးသော်

ONE Championship ပြိုင်ပွဲဝင်  ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားသမား  ဖိုးသော်ဟာ ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ကာကွယ်ရေးပစ္စည်းတွေကို  နှစ်ကြိမ်သွားရောက်လှူဒါန်းခဲ့ပါတယ်။  ဖိုးသော်နဲ့ သူ့ရဲ့ သူငယ်ချင်းမိတ်ဆွေတွေဟာ မေလ ၂၂ ရက်က မြောက်ဥက္ကလာဆေးရုံကြီးနဲ့ ဗဟန်းဒေသန္တရကျန်းမာရေးဌာနမှာ  Quarantine  စေတနာ့ဝန်ထမ်းတွေအတွက် Surgical Gown ဝတ်စုံ အထည် ၁၀၀ စီနဲ့ နှာခေါင်းစည်း ၁၅၀ ကို သွားရောက်လှူဒါန်းခဲ့ပါတယ်။ ခုလို လှူဒါန်းတာနဲ့ ပတ်သက်ပြီး ဖိုးသော်က “ကျနော်တို့က အလှူတခုကို စေတနာအရင်းခံပြီး တကယ့်ကိုစာနာစိတ်နဲ့ကြိုးစားပြီး လုပ်ကြတာပါ။ ကျနော်တို့မှာ ပိုက်ဆံက မပိုလျှံပါဘူး။ အားလုံး အခက်အခဲဖြစ်နေသလို ကျနော်တို့လည်း ရုန်းကန်နေကြရတာပါပဲ။ ဒါပေမဲ့ ကျနော်တို့က အခြေအနေတစ်ခုမှာ ဟန်မပျက်တောင့်ခံနိုင်ပါသေးတယ်။ ဒါကြောင့် ကျနော်တို့ထက် ပိုပြီးခက်ခဲနေတဲ့သူတွေ၊ တကယ်လိုအပ်နေတဲ့နေရာတွေကို လှူပေးချင်တာပါ။ ကျနော်တို့လည်း တဦး တယောက်တည်းနဲ့ အများကြီးမလှူနိုင်သေးပါဘူး။ ဒါပေမဲ့ ကိုယ်တတ်နိုင်သလောက်နဲ့ စေတနာရှင်တွေကို စုစည်းလိုက်တဲ့အတွက် ထိထိရောက်ရောက်လှူနိုင်ခဲ့တာပါ။ အခုဖြစ်နေတဲ့ကပ်ရောဂါက အားလုံးနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့အတွက် အမြန်ဆုံးပြီးဆုံးသွားနိုင်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ကျနော် တစ်ထောင့်တစ်နေရာကနေ ဘာကူညီနိုင်မလဲဆိုတာ အမြဲစဉ်းစားဖြစ်ခဲ့တယ်။ တခြားစေတနာရှင်တွေကိုလည်း လှုံ့ဆော်ပြီး လှူနိုင်မယ့်အခွင့်အ ရေးတွေပေးခဲ့ပါတယ်။”လို့ပြောပါတယ်။ ဧပြီလ ၁၆ ရက်ကလည်း မြောက်ဥက္ကလာဆေးရုံကြီးက ကျန်းမာရေးဝန်ထမ်းတွေအတွက် မြန်မာငွေ ကျပ် ၁၆၃၀၀၀၀ တန်ဖိုးရှိတဲ့ PPE ဝတ်စုံ အထည် ၆၀ အပြင် အခြားလိုအပ်တဲ့အသုံးအဆောင်တွေ၊ အစားအသောက်တွေကို လှူဒါန်းခဲ့ပြီး နောက်ထပ် လှူဒါန်းနိုင်ဖို့ ကြိုးစားနေသလို ကပ်ရောဂါဆိုးကြီးကနေ ကျော်လွှားနိုင်ဖို့အတွက် တတ်နိုင်တဲ့ဘက်က ပူးပေါင်းပါဝင်ကြဖို့လည်း ဖိုးသော်က တိုက်တွန်းလိုက်ပါတယ်။ “ကျနော်တို့က ပရိသတ်အားပေးမှုရှိတဲ့ အားကစားသမားတယောက်ဖြစ်တာကြောင့် Social Influencer တယောက်အနေနဲ့ရော၊ ပရော်ဖက်ရှင်နယ် အားကစားသမားတယောက်အနေနဲ့ပါ ကိုယ်တတ်နိုင်တဲ့ကဏ္ဍကနေ အားလုံးကိုလှုံ့ဆော်ပေးပြီး လှူဒါန်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဓိကကတော့ ကျနော်တို့နောက်ကွယ်က အလှူရှင်တွေက ရက်ရက်ရောရော လှူပေးခဲ့ကြလို့ပါပဲ။ အလှူအတွက် အရမ်းကို ပီတိဖြစ်ရပါတယ်။ နောက်ထပ် ဒီထက်ပိုလှူနိုင်ဖို့လည်း ကြိုးစားနေပါတယ်။ အားလုံးကိုလည်း ကျနော်တို့နဲ့အတူ မျှဝေပြီး ကုသိုလ်ယူဖို့၊ ဒီအခြေအနေဆိုးကနေ အမြန်ဆုံးကျော်လွှားနိုင်ဖို့ တတ်နိုင်သလောက် ပူးပေါင်းပါဝင်ကြစေလိုပါတယ်” လို့ ဖိုးသော်က ပြောပါတယ်။ ရန်ကုန်ဇာတိ “ဘူရှီးဒိုး” ဖိုးသော်ဟာ ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားအဖွဲ့ ONE Championship မှာ မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်နေတဲ့  အနည်းငယ်သော အားကစားသမားတွေထဲက  တယောက်အပါအဝင် ဖြစ်ပါတယ်။  အသက် ၃၅ နှစ်အရွယ် ဖိုးသော်ဟာ Team PT ကိုလည်း တည်ထောင်ထားပြီး ကိုယ်ခံပညာ သိုင်းပေါင်းစုံအားကစားကို စိတ်ပါဝင်စားသူ လူငယ်မျိုးဆက်သစ်လေးတွေကို ပြုစုပျိုးထောင်ပေးနေတဲ့ သင်တန်းနည်းပြဆရာတယောက်လည်း ဖြစ်ပါတယ်။ မြန်မာ့ရိုးရာလက်ဝှေ့သမားတယောက်အဖြစ် ပြည်တွင်း ပြည်ပ ကစားသမားတွေနဲ့ ထိုးသတ်ခဲ့ဖူးတဲ့ ဖိုးသော်ဟာ ၂၀၁၅ ခုနှစ်မှာ စင်ကာပူအခြေစိုက် ONE Championship နဲ့ စတင်လက်တွဲခဲ့ပြီး ၂၀၁၆ မြန်မာဖယ်သာဝိတ်တန်း ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။ သူဟာလက်ရှိအချိန်အထိ ကမ္ဘာ့စင်မြင့်ထက် ၁၀ ပွဲထိုးသတ်ထားရာ ၈ ပွဲနိုင်၊ ၂ ပွဲရှုံး မှတ်တမ်းကို ပိုင်ဆိုင်ထားပြီး ပြိုင်ပွဲတွေ ပြန်လည်ကျင်းပနိုင်တဲ့အချိန်ကျရင် အစွမ်းပြနိုင်ဖို့ လေ့ကျင့်မှုတွေကို မပြတ်ပြုလုပ်နေပါတယ်။ လက်ရှိအချိန်မှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ရောဂါ ကြောင့် တကမ္ဘာလုံး အတိုင်းအတာအနေနဲ့ အကျပ်အတည်းနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ ကပ်ရောဂါဆိုးကြီးကြောင့် လူစုလူဝေးမလုပ်ကြဖို့ နိုင်ငံတိုင်းက ဥပဒေနဲ့တားမြစ်ထားပြီး ONE Championship ပြိုင်ပွဲအပါအဝင် အားကစားပြိုင်ပွဲအများစုလည်း ရပ်နားထားရသလို စီးပွားရေးလုပ်ငန်းတွေလည်း ရပ်ဆိုင်းခဲ့ပါတယ်။
11 months Ago
Up