ကိုဗစ်-၁၉ ကင်းရှင်းကြောင်း စစ်ဆေးမှုခံယူရမည်

A d v e r t i s e m e n t With Us

December 8, 2020

အမရပူရတွင် ကိုဗစ်-၁၉ ကင်းရှင်းကြောင်း ထောက်ခံစာအတုလုပ်သည့် မိတ္တူဆိုင်ကို အရေးယူ

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ မြို့နယ်ဝင်ထွက်ခွင့်ကတ်အတုတွေနဲ့ ကိုဗစ်-၁၉ ကင်းရှင်းကြောင်း ထောက်ခံစာရွက် အတုတွေ ပြုလုပ်ရောင်းချနေတဲ့ မိတ္တူဆိုင်ကို အရေးယူထားတယ်လို့ မြို့နယ် တာဝန်ရှိသူတွေထံက သိရပါတယ်။ အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအုပ်စုရှိ  မိတ္တူဆိုင် တစ်ဆိုင်မှာ ကိုဗစ်-၁၉ ကင်းရှင်းကြောင်း ထောက်ခံစာတွေနဲ့ မြို့နယ်ကျော်ဖြတ်သွားလာခွင့် ကတ်ပြားအတု ပြုလုပ်ရောင်းချနေတယ်လို့ သတင်းရရှိတဲ့အတွက် ဒီဇင်ဘာလ ၇ ရက်နေ့ ‌မွန်းလွဲပိုင်းက တာဝန်ရှိသူတွေ ဝင်ရောက် ဖမ်းဆီးခဲ့ကြတာဖြစ်ပါတယ်။ ကချင်ပြည်နယ်ဘက်က စစ်ဆေးရေးဂိတ်တစ်ခုမှာ သံသယဖြစ်ဖွယ် သက်သေခံ လက်မှတ်တချို့ တွေ့ရှိခဲ့တာကြောင့် ဆေးစစ်ချက် ထောက်ခံစာပါတဲ့ အတိုင်း ကျန်းမာရေးဌာန တာဝန်ရှိသူထံ ဆက်သွယ်မေးမြန်းရာက စာရွက်အထောက်အထား အတုတွေပြုလုပ်ထားတာကို စစ်ဆေးတွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီနောက် ဆက်စပ်ပြီး ထောက်ခံစာ အတုပြုလုပ်တဲ့ မိတ္တူဆိုင်ကိုပါ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အမရပူရမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဌာနမှူး ဒေါက်တာ စိုးကိုကိုဇော်က "မနေ့က နန့်စီးအောင်ဂိတ်မှာ သံသယဖြစ်ဖွယ် သက်သေခံလက်မှတ် တွေ့တယ် ဆိုပြီးတော့ စစ်ဆေးရေး အဖွဲ့ကနေပြီးတော့ ကျနော့်ဆီ အတည်ပြုချက်တောင်းတယ်၊ အဲ့ဒီတော့ အဲ့ဒီစာရွက်ဟာ စကန် ဖတ်ပြီးအတုပြုလုပ်ထားတဲ့ စာရွက်ဖြစ်တယ်၊ ကျနော်တို့ စစ်ဆေးပေးတဲ့ စာရင်းထဲမှာ အဲ့နာမည်စာရင်းမပါပါဘူးဆိုပြီး အကြောင်းပြန်လိုက်တယ်။ အဲ့ဒီမှာအတုနဲ့ မိတဲ့သူနှစ်ဦးကို စစ်တဲ့အခါမှာ သတင်းရတဲ့အတွက် ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်" လို့ ပြောပါတယ်။ တာဝန်ရှိသူတွေ ပူးပေါင်းပြီး အဆိုပါ မိတ္တူဆိုင်ကို ဝင်ရောက်စစ်ဆေးတဲ့အခါ  ကိုဗစ်-၁၉ ကင်းရှင်းကြောင်း ထောက်ခံစာ အတုပြုလုပ်တဲ့ စာရွက်တွေ၊ မြို့နယ်စီမံခန့်ခွဲမှုကထုတ်ပေးတဲ့ မြို့နယ်ကျော်ဖြတ် သွားလာခွင့် ကတ်အတုတွေကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမရပူရမြို့နယ် ကျန်းမာရေး ဦးစီးဌာနတာဝန်ရှိသူက တရားလိုပြုလုပ်ပြီး အသက်(၃၂)နှစ်အရွယ် မိတ္တူဆိုင်ရှင် အမျိုးသားကို မြစ်ငယ်နယ်မြေ ရဲစခန်းမှာ အမှုဖွင့်လှစ် အရေးယူဖို့ ဆောင်ရွက်နေပါတယ်။ သတင်း- ထိန်ထိန်လင်း ဓာတ်ပုံ-အမရပူရမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး
3 months Ago

August 17, 2020

ပြည်ပတွင်အလုပ်သွားလုပ်မည့်သူများ ကိုဗစ်-၁၉ ကင်းရှင်းကြောင်း စစ်ဆေးမှုခံယူရမည် 

ဂျပန်၊ ကိုရီးယားနဲ့ ထိုင်းနိုင်ငံတွေမှာ တရားဝင် အလုပ်သွားလုပ်ကြမယ့် မြန်မာ အလုပ်သမားတွေအနေနဲ့ တစ်ဦးကို ငွေကျပ် ၂ သိန်းနှုန်းပေးသွင်းပြီး ကိုဗစ်-၁၉ ရောဂါ ကင်းရှင်းကြောင်း စစ်ဆေးခံရမယ်လို့   အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောပါတယ်။ ဂျပန်၊ ကိုရီးယားနဲ့ ထိုင်းနိုင်ငံတွေကို လုပ်သားပြန်လည်စေလွှတ်ခွင့်ပြုထားပြီး  ပြည်ပကို မသွားခင် ပြည်တွင်းမှာဘဲ ကိုဗစ်ကင်းရှင်းကြောင်း စစ်ဆေးရမှာဖြစ်သလို သက်ဆိုင်ရာနိုင်ငံတွေရဲ့ ပေါ်လစီအပေါ်မှုတည်ပြီး စစ်ဆေးမှုတွေ ထပ်မံလုပ်ရမယ်လို့ဆိုပါတယ်။  အခုသြဂုတ်လကစပြီး ပြည်ပနိုင်ငံတွေကို ရွေ့ပြောင်းလုပ်ကိုင်ခွင့်ရတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ ကုသရေးဦးစီးဌာန၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန ရန်ကုန်နဲ့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန မန္တလေးတို့မှာ ကိုဗစ်-၁၉ ကင်းရှင်းကြောင်း စစ်ဆေးမှုခံယူရမှာပါ။ ဒီလိုစစ်ဆေးမှုကိုလည်း မဖြစ်မနေလုပ်ကြဖို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ပြည်ပ အလုပ်အကိုင် အေဂျင်စီတွေကို ညွှန်ကြားထားတာပါ။ ဒါ့အပြင် သက်ဆိုင်ရာနိုင်ငံတွေမှာ လည်းစစ်ဆေးမှုတွေ ပြန်ခံယူရမှာမို့ ဥပမာ ကိုရီးယားနိုင်ငံဆိုရင် ကွာရန်တင်းဝင်ခ မြန်မာငွေ ၁၅ သိန်းလောက်ပိုမိုကုန်ကျမှာပါ။ ဒါကြောင့်မြန်မာနိုင်ငံတွင်း ကိုဗစ်-၁၉ စစ်ဆေးမှုရလဒ်ကို သက်ဆိုင်ရာနိုင်ငံတွေက လက်ခံနိုင်ပါ့မလား ဆိုတာကို ညှိနှိုင်းပြီးမှ လုပ်သင့်ပြီး သက်ဆိုင်ရာနိုင်ငံတွေက လက်မခံဘူးဆိုရင်တော့ အလုပ်သမားတွေဘက်က ကုန်ကျစရိတ်ပိုမိုများပြားနိုင်တာပဲရှိမယ်ဆိုတဲ့ အလုပ်သမားအဖွဲ့အစည်းတွေက ဝေဖန်ပါတယ်။ လက်ရှိပြည်ပနိုင်ငံတွေကို မြန်မာလုပ်သားစေလွှတ်မှုကို ဂျပန်၊ ထိုင်းနဲ့ ကိုရီးယား နိုင်ငံတွေကို ပြန်လည်စေလွှတ်ခွင့်ပြုထားပြီး ကျန်နိုင်ငံတွေကိုလည်း ကမ်းလှမ်းမှုအပေါ်မှုတည်ပြီး ခွင့်ပြုပေးသွားဖို့စီစဉ်နေတာပါ။ ဒါကြောင့် မြန်မာလုပ်သားခေါ်ယူတဲ့ သက်ဆိုင်ရာနိုင်ငံတွေရဲ့မူဝါဒအလိုက် ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ အခုလို ကိုဗစ်-၁၉ စစ်ဆေးထောက်ခံချက်တွေပေးနိုင်ဖို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့  ပူးပေါင်းညှိနှိုင်းပြီး ပြင်ဆင်ထားတာလို့ သိရပါတယ်။ သတင်း - ဇာခြည်
7 months Ago
Up