စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာ အချုပ်သား ဒီနေ့မနက်အစောပိုင်းက ထွက်ပြေးသွားတယ်လို့ ဟုမ္မလင်းမြို့နယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးလွင်က ပြောပါတယ်။
“တလင်တမယား ဥပဒေနဲ့ အမှုဖွင့်ခံထားရသူပါ။ ကိုဗစ်ပိုးတွေ့လို့ ဆေးရုံမှာကုသနေတုန်း ထွက်ပြေးတာ။ အခုထိ မမိသေးဘူး။”
ဒီနေ့ မနက် ၃ နာရီကျော်လောက်က ဟုမ္မလင်းမြို့က အသက်၂၅ နှစ်အရွယ် ကိုဗစ်-၁၉ ပိုးတွေ့လူနာဟာ ခြေချင်းကိုချိုးဖြတ် ထွက်ပြေးလွတ်မြောက်သွားတာဖြစ်ပြီး ရောဂါပိုးတွေ့ရှိတာ ၈ ရက်ကြာပြီလို့ သိရပါတယ်။
စပြီးရဲစခန်းကို ဖမ်းခေါ်ချိန်မှာ အချုပ်ထဲ မထည့်ခင် စစ်ဆေးလို့ ပိုးတွေ့တာ ဖြစ်ပေမယ့် ဟုမ္မလင်းမြို့မရဲစခန်းကိုတော့ အသွားအလာ ကန့်သတ်ထားတယ်လို့ သိရပါတယ်။
ဟုမ္မလင်းမြို့မှာ ဇန်နဝါရီ ၁၇ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄ ဦးရှိပြီး ကွာရန်တင်း ဝင်နေသူ ၃၀ ယောက်ရှိနေတယ်လို့ သိရပါတယ်။
ရဲထွဋ်
ဓါတ်ပုံ- ဟုမ္မလင်းမြို့နယ်သူ မြို့နယ်သားများ စုံစည်းရာ
2 months Ago