ကိုဗစ်လူနာ သယ်ယူပို့ဆောင်ရေး

November 30, 2020

ပတ်ဝန်းကျင် ငြိုငြင်မှုကြားမှ ကိုဗစ်လူနာ သယ်ယူပို့ဆောင်ရေးပရဟိတသမားများ (Photo Essay)

ကိုဗစ်-၁၉ (ခေါ်) ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးဟာ ၂၀၁၉ နှစ်ကုန်ပိုင်းက တရုတ်နိုင်ငံ ဝူဟန်မြိုမှာ စတင် ဖြစ်ပွားခဲ့ပြီးနောက် ကမ္ဘာအနှံ့ကို ကူးစက်ပျံ့နှံ့နေပါတယ်။ မြန်မာနိုင်ငံမှာလည်း ကိုဗစ်-၁၉ ရောဂါ ကူးစက် ပျံ့နှံ့နေပြီး ရောဂါပိုး ကူးစက်သူတွေ၊ ကူးစက်သူတွေနဲ့ ထိတွေ့သူတွေကို ကုသရန်ဖို့ သယ်ယူပို့ဆောင်တာဟာ အရေးကြီးလုပ်ငန်းတခု ဖြစ်လာခဲ့ပါတယ်။ မန္တလေးမြို့ မြောက်ပြင် အိုးဘိုရပ်ကွက်ရှိ ပရဟိတ မင်းခေါင် ရှာဖွေ ကယ်ဆယ်ရေး အသင်းဟာ ကိုဗစ် အတည်ပြုလူနာတွေကို အဓိက သယ်ယူနေတဲ့ ပရဟိတ လူမှုရေးအသင်း တခုဖြစ်ပါတယ်။ ကိုဗစ်-၁၉ ပထမလှိုင်းမှာ အဆိုပါ အသင်းဟာ ပြည်တော်ပြန်တွေ အဓိကထား ပို့ဆောင်ရပေမဲ့ အခု ဒုတိယလှိုင်းမှာတော့ ကိုဗစ်အတည်ပြုလူနာတွေ သယ်ယူပို့ဆောင်ပေးနေရတာပါ။ ကိုဗစ်ရောဂါပိုးကို အများနည်းတူ ကြောက်ရွံ့ပေမဲ့ လူသားချင်း စာနာစိတ်၊ “ငါတို့ မကူညီရင် သူတို့ကို ဘယ်သူတွေ ကူညီမလဲ၊ နိုင်ငံတော်အစိုးရ ဘယ်လိုကူညီ စောင့်ရှောက်မလဲ” ဟူသော စိတ်နဲ့ စတင်လုပ်ဆောင်ခဲ့တာလို့ ပရဟိတ မင်းခေါင် လူမှုကူညီရေးအသင်း တည်ထောင်သူ ဦးခင်မောင်တင့်က ပြောပါတယ်။ လက်ရှိအချိန်မှာ ကိုဗစ် အတည်ပြု လူနာ တိုးပွားလာတာနဲ့အမျှ လူနာတွေ၊ ထိတွေ့သူတွေကို ထားရှိဖို့ အဆောက်အဦတွေ ပြင်ဆင်ထားပြီးဖြစ်ပေမဲ့ လူနာတွေကို ကူညီ စောင့်ရှောက်ဖို့ စေတနာ့ဝန်ထမ်းတွေ လိုအပ်နေတယ်လို့ နိုဝင်ဘာ ၂၀ ရက်နေ့က ဖွင့်လှစ်တဲ့ Public Health Laboratory အဆောက်အအုံသစ် ဖွင့်ပွဲမှာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားခဲ့ပါတယ်။ ကိုဗစ်အတည်ပြုလူနာတွေကို သယ်ဆောင်နေရတဲ့ အတွက်ကြောင့် မိဘ၊ ဆွေမျိုးတွေက လက်မခံနိုင်တဲ့အတွက် အိမ်မပြန်ဘဲ ရုံးမှာသာ နေနေရတယ်လို့ အသင်းက အသက် ၂၁ နှစ်အရွယ် ယာဉ်မောင်း ကိုကျော်ဖြိုးဝေက ပြောပါတယ်။ ကိုကျော်ဖြိုးဝေသာမက ကိုဗစ်အတည်ပြုလူနာတွေကို ကူညီဆောင်ရွက်ပေးသူ အများစုမှလည်း အဲလို အခက်အခဲတွေနဲ့ ရင်ဆိုင်တွေ့ကြုံနေကြရပါတယ်။ ဒါပေမဲ့ အဲဒီ အခက်အခဲတွေကို အန်တုကာ သူတို့ ဝါသနာပါရာ ပရဟိတ လုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်နေကြပါတယ်။ အဲဒီအခက်အခဲအပြင် ယာဉ်မောင်းရာမှာ ယာဉ်လမ်းကြောမဖယ်ပေးတာ၊ အပြိုင်မောင်းတာ၊ ကျော်တက်တာ စတာတွေလည်း ရင်ဆိုင်ကြုံနေရတာကြောင့် မီးပွိုင့်တွေမှာ ယာဉ်ထိန်းရဲတွေ ချထားပေးစေလိုတယ်လို့ ပရဟိတ မင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ ကိုစည်သူက ပြောပါတယ်။ မန္တလေးမြို့မှာ လက်ရှိအချိန် ကိုဗစ် အတည်ပြုလူနာ ကူးစက်နှုန်း မြင့်တက်လာတဲ့ အတွက် ကူးစက်လူနာတွေကို သယ်ယူပို့ဆောင်တဲ့ ပရဟိတ မင်းခေါင် ရှာဖွေ ကယ်ဆယ်ရေးအသင်းဟာ တချို့ရက်များတွင် PPE ဝတ်စုံ ၁၀၀ ထိ ကုန်တဲ့ရက်တွေလည်း  ရှိပါတယ်။ သူတို့ဟာ မနက် ၃ နာရီကျော်မှ နားရပေမဲ့ ထူးခြားမှု ရှိရင် ရှိသလို အချို့ရက်တွေမှာ မနက် ၆ နာရီပြန်ထရတဲ့ ရက်တွေလည်း ရှိတယ်လို့ ကိုစည်သူက ပြောပါတယ်။ အသင်းဟာ အခုအချိန်မှာ ကိုဗစ် အတည်ပြု လူနာတွေ သယ်ဆောင်တာအပြင် ကိုဗစ်ရောဂါနဲ့ သေဆုံးသူတွေကိုလည်း ကိုးကွယ်ရာ ဘာသာတရားအလိုက် သင်္ဂြိုဟ်တာတွေ ပြုလုပ်ပေးနေရပါတယ်။ သူတို့အသင်းဟာ ဒီနေ့အချိန်အထိ ပျှမ်းမျှ ကိုဗစ် အတည်ပြု လူနာ ၄၀၀၀ ကျော်‌ ၅၀၀၀ နီူပါးကို သယ်ယူပို့ဆောင်ပေးပြီး ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် နိုင်ငံတော်အစိုးရက ထောက်ပံ့သည် ဖြစ်စေ၊ မထောက်ပံ့သည် ဖြစ်စေ၊ ပြည်သူလူထုရဲ့ ထည့်ဝင်လှူဒါန်းမှု၊ လူသားချင်း စာနာမှုနဲ့ ဆက်လက်လုပ်ကိုင် သွားမှာ ဖြစ်သလို ပြည်သူလူထူအနေနဲ့ လူစုလူဝေးလုပ်ခြင်းကြောင်း ပိုးကူးလူနာများလာမှုဒဏ်ကို ခံစားနေရတဲ့ ဆရာဝန်၊ ဆရာမတွေ၊ ပရဟိတသမားတွေကို ကူညီတဲ့အနေနဲ့ မလိုအပ်ပါက အိမ်ပြင်မထွက်ကြဖို့ ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ တည်ထောင်သူ ဦးခင်မောင်တင့်က ပြောပါတယ်။ Photo - Kaung Zaw Hein / MPA
5 months Ago
Up