ကိုဗစ်လူနာသစ်၆၉၉ဦး

November 1, 2020

ကိုဗစ်-၁၉ လူနာသစ် ၆၉၉ ဦးတွေ့ရှိ၊ သေဆုံးသူ ၂၁ ဦးထပ်တိုး

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ အတည်ပြုလူနာသစ် ၆၉၉ ယောက် ထပ်မံတွေ့ရှိခဲ့ပြီး လူနာ ၂၁ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။ သေဆုံးသူ ၂၁ ယောက်ထဲမှာ ၁၇ ယောက်က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အောက်တိုဘာ ၃၁ ရက် ည ၈ နာရီမှ နိုဝင်ဘာ ၁ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၈၁၀၈ ခုကို စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ လူနာသစ် ၆၉၉ ယောက်ထပ်မံတွေ့ရှိခဲ့တာပါ။  လူနာသစ်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ဒီနေ့ ဆေးရုံက ဆင်းခွင့်ရသူ ၁၄၁၅ ယောက်ရှိပြီး ပြည်သူ့ဆေးရုံတွေက ၂၇၁ ယောက်နဲ့ ရန်ကုန် ကိုဗစ်-၁၉ ကုသရေးဌာနတွေက ၁၁၄၄ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။ ရန်ကုန်တိုင်းအတွင်း အသွားအလာကန့်သတ်ထားရှိရာနေရာတွေက အတည်ပြုလူနာတွေနဲ့ အနီးကပ် ထိတွေ့ခဲ့သူတွေအနက် ရောဂါပိုးမတွေ့သူ ၁၁၂၄ ယောက်ကို  နေအိမ်တွေမှာ အသွား အလာကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုသွားမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၁ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၅၃,၄၀၅ ယောက်၊ သေဆုံးသူ ၁,၂၅၈ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၃၄,၁၈၉ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၆ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၂ သန်းနီးပါးနဲ့ ရောဂါသက်သာပျောက်ကင်းသူ ၃၃ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။
1 year Ago
Up