ကိုဗစ်လူနာတွေ့နှုန်း ကျဆင်း

December 26, 2020

ကိုဗစ်လူနာတွေ့နှုန်း ကျဆင်းလာသော်လည်း စည်းကမ်းချက်များ လုံးဝမပေါ့ရန် သတိပေး

အတည်ပြုလူနာ တွေ့ရှိမှုနှုန်း ကျဆင်းလာပေမယ့် ကိုဗစ်စည်းကမ်းတွေကို လုံးဝ ပေါ့လို့ မရသေးကြောင်း ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက သတိပေး ပြောကြားပါတယ်။  မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာ တွေ့ရှိမှုဟာ ဒီဇင်ဘာ ၁၉ ရက်နေ့ကစတင်ပြီး ၁၀၀၀ အောက်ကို လျော့ကျလာ ၁ ပတ်လောက် ရှိလာနေပြီး ဒီဇင်ဘာ ၂၅ ရက်နေ့မှာတော့ ပိုးတွေ့မှုက ၄ ရာခိုင်နှုန်းအောက်ကို ကျဆင်းလာတာ ဖြစ်ပါတယ်။  အခုလို ပိုးတွေ့ရှိမှုနှုန်း လျော့ကျလာပေမယ့် အရေအတွက်အနေနဲ့တော့ ရာဂဏန်းလောက်အထိ တွေ့နေရဆဲဖြစ်လို့ ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းတွေကို လုံးဝပေ့ါလျော့လို့ မဖြစ်သေးဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုး တာဝန်ရှိသူက ပြောပါတယ်။ ရန်ကုန်တိုင်းအတွင်းမှာလည်း အတည်ပြုလူနာတွေ့ရှိမှုနှုန်း လျော့ကျလာပြီး တစ်နိုင်ငံလုံး အတည်ပြုလူနာတွေရဲ့ ၃၀ ရာခိုင်နှုန်းကျော်သာ တွေ့နေရတော့တဲ့ အနေအထားဖြစ်ပါတယ်။  ကိုဗစ်-၁၉ အတည်ပြုလူနာ တွေ့ရှိတာကို ရန်ကုန်တိုင်းအပြင် တခြားတိုင်းနဲ့ ပြည်နယ်တွေမှာလည်း ထိန်းချုပ်လာနိုင်တာ တွေ့ရပြီး မန္တလေးတိုင်းကတော့ ထိန်းချုပ်ဖို့ ကြိုးစားနေရဆဲ အခြေအနေမှာရှိတယ်လို့ ဆိုပါတယ်။ အခုလို အတည်ပြုလူနာတွေ့ရှိမှုနှုန်း လျော့ကျလာပေမယ့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနည်းလမ်းတွေကို မလျှော့ချဖို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အသိပေးပြောကြားထားပါတယ်။  စျေးတွေ၊ လက်ဖက်ရည်ဆိုင်တွေနဲ့ အများပြည်သူကို ဝန်ဆောင်မှု ပေးနေတဲ့နေရာတွေ၊ လုပ်ငန်းတွေမှာ ကိုဗစ်စည်းကမ်းတွေ လိုက်နာစေဖို့ကိုလည်း တိုက်တွန်းထားပါတယ်။  မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ၂၅ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၁၂၀,၅၄၆ ယောက်၊ သေဆုံးသူ ၂,၅၅၂ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၀၀,၉၄၀ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ သင်းသင်းဇော်
10 months Ago
Up