ကိုဗစ်လူနာ

September 17, 2021

တာလီဘန်လက်အောက် ကိုဗစ်လူနာများ ဆေးကုရန် အခက်အခဲဖြစ်မည်ကို စိုးရိမ်

တာလီဘန်တွေဟာ အာဖဂန်နစ္စတန်နိုင်ငံကို ထိန်းချုပ်ထားဆဲဖြစ်သောကြောင့် ကဘူးလ်ရှိ ဆေးရုံတာဝန်ရှိသူတွေဟာ ဆေးဝါးပစ္စည်းတွေကို အထူးသဖြင့် ကိုဗစ်-၁၉ လူနာတွေအတွက် ဆေးကုသဖို့ စိုးရိမ်နေကြပါတယ်။ 

ကဘူးလ်ရှိ အာဖဂန်-ဂျပန်ဆေးရုံဟာ ရှိရင်းစွဲ ပစ္စည်းသိုလှောင်ထားပြီးသားတွေထဲက ဆေးဝါးတွေကို သုံးနေရပြီး နောက်မကြာခင် ဆေးဘက်ဆိုင်ရာ အထောက်အပံ့အသစ်တွေရဖို့ မသေချာတော့ဘူးလို့ ဆေးရုံညွှန်ကြားရေးမှူး ဇယ်လ်မီရစ်ရှတင်က ပြောကြားခဲ့ပါတယ်။

“တာလီဘန်တွေ မသိမ်းခင်က လေးပုံတစ်ပုံစာလောက် အထောက်အပံ့တွေ ရှိထားပြီးသား၊ ဆေးဝါးတွေလည်း ယူထားတာ သိုလှောင်ပစ္စည်းက အပြည့်ပဲ၊ ခု ဒီပစ္စည်းတွေကို ထုတ်ပေးနေတာ’။

အရင်တုန်းက ဆေးတွေပြတ်လပ်သွားရင် ဝယ်လိုက်တယ်၊ ခုတော့ ဒီသိုလှောင်ထားတဲ့အထဲကပဲ ဆေးတွေယူသုံးနေရတယ်လို့ ပြောပါတယ်။

အာဖဂန်နစ္စတန်က ရာနဲ့ချီရှိနေတဲ့ ဆေးရုံတွေမှာ ငွေကြေးထောက်ပံ့တဲ့အလှူရှင်တွေကို တာလီဘန်အစိုးရသစ်နဲ့ ဆက်ဆံဖို့ ခွင့်မပြုထားတာကြောင့် ဆေးရုံတွေကို မကြာခင် ပိတ်ပစ်ရ မယ့်အန္တရာယ်ရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ တာဝန်ရှိသူတစ်ဦးက ရိုက်တာကို စက်တင်ဘာ ၆ ရက်က ပြောပါတယ်။

မိုးခေါင်မှုနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကို ရင်ဆိုင်နေရတဲ့ အာဖဂန်ပြည်သူ ၃ ဒသမ ၅ သန်း ကျော်ဟာ အိုးမဲ့အိမ်မဲ့ဖြစ်နေတာပါ။ 

ခိုလှုံစခန်းတွေမှာ အိုးအိမ်မဲ့တွေ စုပြုံနေတာကြောင့် ဒီလိုလူဦးရေ ထူထပ်တဲ့ အခြေအနေတွေဟာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုအသစ်ကို မြင့်တက်များပြားစေနိုင်တယ်လို့ အကူအညီပေးရေး အေဂျင်စီတွေက သတိပေးခဲ့ပါတယ်။

အရင်တုန်းကတော့ လူတွေက နှာခေါင်းစည်းတွေကို ဝယ်သုံးခဲ့ကြပေမယ့် ခု ထပ်မဝယ်ကြတော့ဘူးလို့ မျက်နှာဖုံးနှာခေါင်းစည်းတွေရောင်းတဲ့ ဆိုင်ရှင်တစ်ဦးက ပြောပါတယ်။

တရုတ်၊ ပါကစ္စတန်နဲ့အီရန်မှာ ကိုရိုနာဗိုင်းရပ်စ် စတုတ္ထလှိုင်းအကြောင်း ကြားသိကြပေမယ့်  လူတွေက သူတို့ကိုယ်သူတို့ မကာကွယ်ကြတော့ဘူးလို့လည်း ပြောပါတယ်။ 

UNICEF ရဲ့ အဆိုအရ အာဖဂန်လူဦးရေရဲ့ လေးရာခိုင်နှုန်းအောက်သာ ကာကွယ်ဆေး ထိုးထားကြပါတယ်။  

5 days Ago

August 23, 2021

ကိုဗစ်လူနာများကို သတ်မှတ်ချက်နှင့်အညီ KBC က စတင်လက်ခံကုသပေး

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC က ကိုဗစ်-၁၉ ကုသ‌ရေး စင်တာဆောက်လုပ်ပြီးစီးသွားပြီ ဖြစ်တာကြောင့်  ပိုးတွေ့အတည်ပြုလူနာ‌တွေကို အကန့်အသတ်နဲ့ စတင်လက်ခံကုသပေးနေပြီလို့ သိရပါတယ်။

မြစ်ကြီးနားမြို့ နာယန် KBC သင်ကြားရေးသင်တန်းကျောင်းရှိ ကိုဗစ်-၁၉ စင်တာမှာ ကျန်းမာရေး၀န်ထမ်းအင်အား စုစုပေါင်း ၃၇ ဦးနဲ့ အချိန်ပြည့်၀န်ဆောင်မှု‌ပေးကာ ကိုဗစ်လူနာ စုစုပေါင်း ၈၅ ဦးကို လက်ခံကုသပေးနေတယ်လို့ ဦးဆောင်နေတဲ့ တာ၀န်ရှိသူတဦးက ပြောပါတယ်။

လုပ်ဆောင်နိုင်မှု အကန့်အသတ်ရှိတာကြောင့် ရောဂါအလွန်ပြင်းထန်တဲ့ လူနာတွေအနေနဲ့‌တော့ မြစ်ကြီးနားမြို့ ပြည်သူ့ ဆေးရုံမှာသာ သွားရောက် ကုသဖို့ တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) က ကျန်းမာရေးမိတ်ဖက်အဖွဲ့အစည်းတွေ၊ ရန်ပုံငွေထောက်ပံ့‌တဲ့ အဖွဲ့အစည်းတွေနဲ့ လက်တွဲကာ ကိုဗစ်-၁၉ ရောဂါအား ကာကွယ်ထိန်းချုပ် ကုသနိုင်ဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားဆောင်ရွက်နေသလို အခုကုသရေးစင်တာကိုလည်း ပြည်သူအားလုံးအတွက် ရည်ရွယ်လုပ်‌ဆောင်တာလို့ တာ၀န်ရှိသူက ပြောပါတယ်။

1 month Ago
More News
Up