ကိုဗစ်ပြန့်ပွားနှုန်း

A d v e r t i s e m e n t With Us

April 5, 2020

လာမည့်ရက်သတ္တပတ်များတွင် ကိုဗစ်ပြန့်ပွားနှုန်း ပေါ်လွင်မည်၊ စည်းကမ်းလိုက်နာကြရန် အတိုင်ပင်ခံ သတိပေး

လာမယ့် ရက်သတ္တပတ် ၂ ပတ်၊ ၃ ပတ်အတွင်း မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားနှုန်း ဘယ်လောက်မြန်နိုင်မယ်ဆိုတာ ပေါ်လွင်လာမှာဖြစ်ပြီး ဒီအချိန်မှာ ပြည်သူတွေအားလုံး အထူးသတိဝီရိယနဲ့ ရောဂါမပြန့်ပွားရေးအတွက် စည်းကမ်းညွှန်ကြားချက်တွေ လိုက်နာဖို့ အရေးကြီးတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ မနေ့ညက သူ့ရဲ့တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ရေးသားလိုက်တာ ဖြစ်ပြီး ဒီနေ့ဟာ ကိုဗစ်-၁၉ ရောဂါရှိနေသူတယောက်ကို မြန်မာပြည်တွင်းမှာ ပထမဆုံးတွေ့ရှိပြီး ၁၄ ရက် မြောက်နေ့ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် လာမယ့်သင်္ကြန်ကို လူစုလူဝေးလုံးဝ မလုပ်ကြဖို့လည်း သူက သတိပေးပါတယ်။ “ကျမတို့တွေ မတွေ့ရ မကြုံရဘူးတဲ့ သင်္ကြန်မျိုးကို ဖြတ်ကျော်ရပါမယ်။ လူစုလူဝေး လုံးဝ ရှောင်ရမယ့် သင်္ကြန်ပါ။ လူစုလူဝေးဆိုတာ ဘယ်နှယောက်လဲလို့ စဉ်းစားတာတွေရှိမှာပါ။ လူနည်းလေ ကောင်းလေ၊ အလှမ်းဝေးလေ ကောင်းလေပါ။”  ထိတွေ့မှုရှိသူတယောက် ပိုလာတာနဲ့ အန္တရာယ်တခု ပိုလာပြီလို့ မှတ်ကြဖို့လည်း သူကဆိုပြီး အပြင်မထွက်ရပေမယ့် ကျန်းမာရေးဆိုတဲ့ အကောင်းဆုံးလာဘ်လာဘကို ပေးတဲ့ စေတနာအလှူ လုပ်နိုင်တယ်လို့လည်း ဆိုထားပါတယ်။ “ရေထွက်မကစားရတဲ့ သင်္ကြန်။ ခြိမ့်ခြိမ့်သဲအလှူတွေနဲ့ ရပ်ကွက် မပျော်ကြရတဲ့သင်္ကြန်ဆိုပြီး စိတ်မပျက်ကြပါနဲ့။ ကိုယ့်အတွက်သာမက၊ အများအတွက် အကောင်းဆုံး လာဘ်လာဘကို ပေးကမ်းတဲ့ စေတနာအလှူကြီး ကျမတို့ အားလုံး လုပ်နိုင်ပါတယ်။ ကိုယ့် ကိုယ်ကို ထိန်းခြင်းနဲ့ သမာဓိအား ပွားနိုင်ပါတယ်။ ထူးကဲတဲ့သင်္ကြန်ကြီးမှာ ထူးကဲတဲ့ကုသိုလ်တွေ ပြုနိုင်ပါတယ်။ အိမ်မှာ ငြိမ်ငြိမ်လေးနေပြီးပြုနိုင်ပါတယ်” လို့ သူက ရေးသားတိုက်တွန်းထားပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိအချိန်အထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၂၁ ဦးရှိတဲ့အနက် ၁ ဦး သေဆုံးသွားကာ ကျန် ၁၈ ဦးရဲ့ ကျန်းမာရေးအခြေအနေ တည်ငြိမ်နေပြီး ဝေဘာဂီအထူးကုဆေးရုံကြီးရှိ လူနာ ၂  ဦးကတော့ အထူးကြပ်မတ်ခန်းမှာ သီးခြားထားရှိ ဆေးကုသမှု ပေးနေတယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။ ဓာတ်ပုံ - အတိုင်ပင်ခံရုံး
11 months Ago
Up