ကိုဗစ်ပိုးတွေ့ ၈၅၀၀၀

November 27, 2020

မြန်မာက ကိုဗစ်ပိုးတွေ့ ၈၅၀၀၀ ကျော်ဖြင့် ကမ္ဘာ့ကူးစက်မှုအမြင့်ဆုံးအဆင့် ၇၀ ဖြစ်လာ

လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ ၈၅,၀၀၀ ကျော် ရှိလာခဲ့ပြီဖြစ်ကာ ကမ္ဘာ့နိုင်ငံပေါင်း ၂၀၀ ကျော်ထဲမှာ ကူးစက်မှုအမြင့်ဆုံးအဆင့် ၇၀ မှာ ရပ်တည်နေတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ မတ် လ ၂၃ ရက်မှာ တွေ့ရှိခဲ့ပြီး ရခိုင်ပြည်နယ်က တကျော့ပြန်ကူးစက်မှုတွေနဲ့အတူ အချိန် ၈ လကျော် ရှိလာခဲ့ချိန်မှာတော့ ရောဂါကူးစက်ခံရသူစုစုပေါင်း ၈၅,၀၀၀ ကျော်လာခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာလည်း အစိုးရက ပြည်သူတွေကို ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထပ်တိုးမလာစေဖို့ မကြာမီရောက်လာတော့မယ့် ပွင့်လင်းရာသီပိတ်ရက်တွေမှာ ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ ခရီးသွားလာတာတွေ၊ လူစူလူဝေးပြုလုပ်တာတွေ မလုပ်ကြဖို့၊ တတ်နိုင်သမျှ နေအိမ်ထဲမှာသာ နေထိုင်ကြဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက နိုဝင်ဘာ ၁၉ ရက်စွဲနဲ့ ပန်ကြားထားပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာတွေရဲ့ ၇၅ ရာခိုင်နှုန်းဟာ ဆေးရုံက ဆင်းခွင့်ရခဲ့ကြောင်း ဖော်ပြထားပါတယ်။ လက်ရှိအချိန်ထိ ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအတွက်ဟာ ၆၁ သန်းကျော် ရှိလာခဲ့ပြီဖြစ်ပြီး သန်းနဲ့ချီ ကူးစက်ခံထားရတဲ့ နိုင်ငံအရေအတွက်ဟာလည်း ၁၂ နိုင်ငံထိ ရှိလာခဲ့ပြီလို့ Worldometers ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၁၃ သန်းကျော်၊ သေဆုံးသူ ၂၆၉,၂၉၆ ယောက်၊ အိန္ဒိယနိုင်ငံက ကူးစက်ခံရသူ ၉ ဒသမ ၃ သန်းကျော်၊ သေဆုံးသူ ၁၃၅,၇၃၄ ယောက်၊ ဘရာဇီးနိုင်ငံက ကူးစက်ခံရသူ ၆ ဒသမ ၁ သန်းကျော်၊ သေဆုံးသူ ၁၇၀,၈၃၂ ယောက်စီနဲ့ ထိပ်ဆုံး ၃ နိုင်ငံအနေနဲ့ အသီးသီးရပ်တည်နေပါတယ်။     အဲဒီ ၃ နိုင်ငံနောက်မှာတော့ ကိုဗစ်-၁၉ ရောဂါသန်းနဲ့ချီကူးစက်ခံရတဲ့ နိုင်ငံတွေအဖြစ် ရုရှား၊ ပြင်သစ်၊ စပိန်၊ ယူကေ၊ အီတလီ၊ အာဂျင်တီးနား၊ ကိုလံဘီယာ၊ မက္ကဆီကို၊ ဂျာမနီနိုင်ငံတွေက  အစဉ်လိုက် ရှိနေခဲ့တာပါ။ ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၈၆,၄၉၀ ယောက်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၄ ယောက်နဲ့ ခုရက်ပိုင်းအတွင်း သေဆုံးသူထပ်တိုးမလာဘဲ နိုင်ငံအလိုက် အမှတ်စဉ် ၆၈ နေရာထိ ကျဆင်းသွားခဲ့ပါတယ်။ အာရှဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု အမြင့်ဆုံး အိန္ဒိယ နိုင်ငံပြီးရင် အီရန်၊ အီရတ်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေက ကူးစက်ခံရသူဦးရေ ၉၀၈,၃၄၆ ယောက်၊ ၅၄၄,၆၇၀ ယောက်၊ ၅၁၆,၇၅၃ ယောက်စီနဲ့ အသီးသီး ရှိနေပါတယ်။ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူဦးရေ ၄၅၆,၄၃၈ ယောက်နဲ့ သေဆုံးသူ ၆,၅၂၄ ယောက် ရှိနေတာ ဖြစ်ပါတယ်။ အာဆီယံနိုင်ငံတွေထဲမှာတော့ အင်ဒိုနီးရှားနိုင်ငံပြီးရင် ဖိလစ်ပိုင်နိုင်ငံက ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူဦးရေ ၄၂၄,၂၉၇ ယောက်၊ သေဆုံးသူ ၈,၂၄၂ ယောက်နဲ့ ဒုတိယနေရာမှာ ရှိနေခဲ့ပါတယ်။ လတ်တလော ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံကတော့ နိုဝင်ဘာ ၂၆ ရက်ည ၈ နာ ရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၈၅,၂၀၅ ယောက်၊ သေဆုံးသူ ၁,၈၄၆ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူစုစုပေါင်း ၆၄,၆၄၅ ယောက်နဲ့ အာဆီယံနိုင်ငံတွေထဲမှာ ကိုဗစ်-၁၉ ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။ လက်ရှိအချိန်ထိ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဓာတ်ခွဲစစ်ဆေးမှု စုစုပေါင်း ၁ သန်းကျော် ပြုလုပ်ခဲ့ပြီးဖြစ်ကာ စောင့်ကြည့်လူနာပေါင်း ၁၅,၅၈၁ ယောက် ရှိနေတယ်လို့ ဝန်ကြီးဌာန ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။ စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၅၈,၁၉၅ ယောက်နဲ့ သေဆုံးသူ အရေအတွက် ထပ်တိုးမလာဘဲ ၂၈ ယောက် ရှိနေတာ ဖြစ်ပါတယ်။ မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက် ၆၀,၇၅၂ ယောက်နဲ့ သေဆုံးသူ ၃၄၈ ယောက် ရှိပါတယ်။ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၃,၉၄၂ ယောက်နဲ့ ခုရက်ပိုင်းအတွင်း သေဆုံးသူအရေအတွက် ထပ်တိုးမလာဘဲ အယောက် ၆၀ ယောက် ရှိနေပါတယ်။ ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁,၃၃၁ ယောက်နဲ့ သေဆုံးသူအရေအတွက် ခုရက်ပိုင်းမှာ တိုးမလာဘဲ ၃၅ ယောက် ရှိနေပြီး ဘရူ နိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၅၀ ယောက်နဲ့ သေဆုံးသူ ၃ ယောက် ရှိနေတာပါ။ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေ အတွက် ၃၀၇ ယောက်နဲ့  ၃၉ ယောက် အသီးသီးရှိနေပေမယ့် သေဆုံးလူနာ ခုချိန်ထိ မရှိသေးပါဘူး။ တကမ္ဘာလုံးအတိုင်းအတာနဲ့ လတ်တလောအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ ပြီး သေဆုံးသူအရေအတွက် ၁ ဒသမ ၄ သန်းကျော် ရှိလာခဲ့ပြီဖြစ်ပြီး ရောဂါပြန်လည် ပျောက်ကင်းလာသူ အရေအတွက်ကတော့ ၄၂ ဒသမ ၃ သန်းကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။
5 months Ago
Up