ကိုဗစ်ထောက်ပံ့စာရင်း

October 10, 2020

ယင်းမာပင်တွင် ကိုဗစ်ထောက်ပံ့စာရင်း ကွာဟနေသဖြင့် အဂတိတိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြား

ကိုဗစ်ထောက်ပံ့ငွေ ပြည်သူတွေဆီ အားလုံးမရောက်ဘဲ စာရင်းကွာဟနေတဲ့အပေါ် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ကြပ်ကျေးရွာအုပ်စုနဲ့ ကပိုင်ကျေးရွာအုပ်စု ဒေသခံတွေက ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ စာရေးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဆီ တိုင်ကြားထားတယ်လို့ သိရပါတယ်။ သက်ဆိုင်ရာက ရရှိတဲ့စာရင်းတွေမှာ ထောက်ပံ့ကြေးရရှိတဲ့လူဦးရေဟာ ၇၀၀ နီးပါရှိပြီး တကယ့်မြေပြင်မှာ ထောက်ပံ့ကြေးရရှိတဲ့စာရင်းက ၃၇၀ ကျော်ပဲရှိတယ်လို့ ကြပ်အုပ်စု ဝင်းကုန်း​ကျေးရွာမှ ကိုမျိုးမြင့်လှိုင်က ပြောပါတယ်။ “၃၀၀ ​ကျော် ကွာ​နေတဲ့အတွက် စာရင်းကို​ဖြေရှင်း​ပေးဖို့ အုပ်ချုပ်​ရေးရုံးကို သွား​ရောက်​တောင်းဆိုခဲ့​ပေမယ့် ​ဖြေရှင်း​ပေးခြင်းမရှိခဲ့ဘူး။ ယင်းမာပင်မြို့နယ် ​ထွေအုပ်ရုံးကို သွား​ရောက်တဲ့အခါ ​ထောက်ပံ့မှု ၄ ကြိမ်လုံး ကွာ​နေတာသိခဲ့ရတယ်။ အဲလိုကွာ​နေတာနဲ့ ပတ်သက်ပြီး မြို့နယ်​​ထွေအုပ်ကို​ တောင်းဆိုခဲ့​သော်လည်း မင်းတို့အချင်းချင်း ​ပြေလည်​အောင်ငြှိ ပိုတာကို ပြန်​ပေးခိုင်းမယ်လို့​ပြောတယ်။ ဒါ​ပေမယ့် သူတို့အ​နေနဲ့ လုံးဝအ​ရေးယူပါမယ် ​ဆောင်ရွက်​ပေးမယ်ဆိုတဲ့စကားကို မ​ပြောဆိုပါဘူး။ ဒါ​ကြောင့်မို့ အဂတိ​ကော်မရှင်အပါအဝင် သက်ဆိုင်အဆင့်ဆင့်ကို တိုင်တန်းထားတယ်။” စာရင်းတွေ ကွာဟနေတာနဲ့ပတ်သက်လို့ သက်ဆိုင်ရာက ဖြေရှင်းမှုလုပ်စေချင်တယ်လို့ ကပိုင်ကျေးရွာအုပ်စု ကပိုင်​​​ကျေးရွာက ကို​​အောင်​ဇော်​က ပြောပါတယ်။ “ကျ​နော်တို့မြို့နယ်မှာ ​​ဝေခြမ်းမှုလွဲမှားမှု​တွေ ရှိ​နေပါတယ်။ ကပိုင်အုပ်စုအတွက် ၉၀၂ ဦးကျပြီး ၈၂၂ ဦးပဲ ​ဝေတယ်လို့ သိရတယ်။ လူဦး​ရေ ၈၀ ​လောက်ကွာဟ​နေတာ။” စာရင်းတွေ ကွာဟနေတာနဲ့ပတ်သက်ပြီး ယင်းမာပင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲလင်းအောင်ကို ဆက်သွယ်မေးမြန်းရာမှာ အခုလို ပြန်လည်ဖြေကြားခဲ့ပါတယ်။   “ကပိုင်က​တော့ စာရင်းထပ်တာဗျ။ ၂ ရွက်ထပ်သွား​​တော့ ကွာဟချက်​တွေ ဖြစ်သွားတယ်။ ကွာတဲ့ဥစ္စာကို​တော့ ကျ​နော်တို့ စာရင်းပြန်​ကောက်ခိုင်းထားတယ်။ သတ်မှတ်ချက်နဲ့ညီတဲ့သူ​တွေကို​ ပေးဖို့ဆိုပြီး အုပ်ချုပ်​ရေးမှူး​တွေ စာ​ရေး​တို့ကို စိစစ်ပြီး​တော့ ကျ​နော်တို့ဆီကို စာရင်းတင်ခိုင်းထားတယ်။ ကြပ်ကကျ​တော့ ​နောက်ဆုံး​ခေါက်ကျ​တော့ ထပ်တိုးတင်တာ​ပေါ့ဗျာ။ ထပ်တိုးတင်တဲ့အခါ သူတို့က ခန့်မှန်းတင်လိုက်​တော့ ​အောက်​ခြေမှာ​ ငွေမ​လောက် ဖြစ်နေတဲ့အခါကျ​တော့ ထိန်းထားတဲ့သ​ဘောပါ။ ​ဝေဖို့အတွက်ကို အမှန်တကယ် ဖြစ်သင့်ဖြစ်ထိုက်တဲ့သူ​တွေကို စိစစ်ပြီး​ဝေဖို့ စီစဥ်ခိုင်းထားတယ်” လို့ ​ပြောပါတယ်။ ဌေးလှိုင်
7 months Ago
Up