ကိုဗစ်စည်းကမ်းချိုးဖောက်မှု

December 18, 2020

မန္တလေးတိုင်း၌ ကိုဗစ်စည်းကမ်းချိုးဖောက်သူများထံမှ ဒဏ်ကြေး ကျပ်သိန်း ၆၆၀ ကျော်ရရှိ

မန္တလေးတိုင်းမှာ ဒီဇင်ဘာ ၅ ရက်ကစလို့ Stay at Home ထုတ်ပြန်ခဲ့ပြီး မြို့နယ်ကျော်သွားလာတာတွေကို ဒဏ်ရိုက်ခဲ့လို့ ဒီဇင်ဘာ ၁၅ ရက်ညနေပိုင်းအထိ ဒဏ်ရိုက်ခံရသူပေါင်း ၁၃,၂၂၂ ယောက်ဆီကနေ ဒဏ်ကြေး ကျပ်သိန်း ၆၆၀ ကျော်ရထားပါတယ်။ ဒီဒဏ်ကြေးတွေကို မန္တလေးခရိုင်ထဲက ပြည်သူလူထုအတွက်က လွဲပြီး တခြားဘယ်နေရာမှာမှ မသုံးဘူးလို့လည်း တိုင်းအစိုးရ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ကိုဗစ်-၁၉ ကာကွယ်ကုသရေးအတွက် မန္တလေးတိုင်းဘတ်ဂျက်က ကျပ်သိန်း ၁၅,၇၂၁ ကျော်၊ အလှူရှင်တွေရဲ့ ကိုဗစ် ရန်ပုံငွေထဲက ကျပ်သိန်း ၁၀,၂၆၂ ကျော် သုံးခဲ့ပြီးပြီလို့ ဆိုပါတယ်။ အလှူရှင်ပေါင်း ၄၅၀ လောက်က လှူဒါန်းထားတာဟာ ကျပ်သိန်း ၂၃,၅၁၇ ကျော်ဖြစ်ပြီး ကိုဗစ်-၁၉ စစ်ဆေးစမ်းသပ်ခအနေနဲ့ ရတာကတော့ ကျပ်သိန်း ၁,၁၈၇ ကျော် ဖြစ်ပါတယ်။ ဒါ့အပြင် တိုင်းအရေးပေါ်ရန်ပုံငွေအဖြစ် ကျပ်သိန်း ၁၀,၀၀၀ လည်း ရခဲ့ပြီး ဒီထဲကနေ ခရိုင်နဲ့ မြို့နယ် ကိုဗစ် ကာကွယ်ကုသရေးကော်မတီတွေအတွက် ကျွေးမွေးစရိတ်၊ လုပ်ငန်းသုံးပစ္စည်းနဲ့ အုပ်ချုပ်မှုစရိတ်တွေ ထောက်ပံ့ခဲ့တယ်လို့ ဆိုပါတယ်။ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ကျပ်သိန်း ၁၅,၇၂၁ ကျော်သုံးခဲ့ပေမယ့် တိုင်းထဲမှာ ရောဂါကူးစက်ဖြစ်ပွားတာ မလျော့သေးသလို နောက်ထပ် ကွာရန်တင်းစင်တာ ၃ ခု ထပ်ဖွင့်ဖို့ စီစဉ်နေပြီး လက်ရှိ ကွာရန်တင်းဝင်နေသူပေါင်း ၂,၇၁၆ ယောက်ရှိနေပါတယ်။ တိုင်းအစိုးရဟာ အလှူငွေတွေအပါအဝင် ဝင်ငွေတွေနဲ့ ထောက်ပံ့ငွေ၊ လှူဒါန်းငွေ၊ သုံးစွဲငွေတွေကို တခုချင်းအလိုက် အသေးစိတ် ထုတ်ပြန်ပေးထားပါတယ်။ အိမ်မှာနေရမယ့် အစီအစဉ်ကို ရပ်လိုက်တာ၊ ဒဏ်ရိုက်တာကို ရပ်လိုက်ပေမဲ့ ပြည်သူတွေအနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်တွေနဲ့အညီ နေထိုင်သွားကြဖို့ကိုလည်း တိုင်းအစိုးရက ပန်ကြားထားပါတယ်။ ဒါ့အပြင် ဒီဇင်ဘာ ၁၈ ရက်ကစပြီး  Stay at Home အစီအစဉ်နဲ့ ကိုဗစ်စည်းကမ်းတွေမလိုက်နာသူတွေကို ဒဏ်ရိုက်တာ မလုပ်တော့ဘူးလို့လည်း တိုင်းအစိုးရက ထုတ်ပြန်ပါတယ်။
12 months Ago

November 3, 2020

စပိန်တွင် ကိုဗစ်စည်းကမ်းချိုးဖောက်မှုဖြင့် ဘားဆိုင်နှင့် ပါတီပွဲများကို ရဲတပ်ဖွဲ့က ဝင်ဖမ်း 

စပိန်မြို့တော် မက်ဒရစ်က စည်ပင်ရဲတွေဟာ တရားမဝင် ပါတီပွဲ ၈၁ ပွဲ၊ ဘော်တယ်ယောနက်စ်လို့ စပိန်မှာ သိကြတဲ့ အသောက်အစားပွဲ ၁၈ ပွဲနဲ့ အရက်ဘားဆိုင် ၁၀ ဆိုင်ကို ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှု ထိန်းချုပ်ရေး ကန့်သတ်ချက်တွေကို ချိုးဖောက်မှုနဲ့ စီးနင်း ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့က နိုဝင်ဘာ ၁ ရက်မှာ ပြောပါတယ်။ ပါတီတက်သူ အများအပြားဟာ လူချင်းခွာနေရမယ့် စည်းမျဉ်းကို မလိုက်နာသလို ပါးစပ် နှာခေါင်းစည်းတွေကိုလည်း ဝတ်မထားကြပါဘူး။ စပိန်မြို့တော်မှာ နိုဝင်ဘာ ၁ ရက်ညက စီးနင်းတာဖြစ်ပြီး မြို့တော်မှာ ချမှတ်ထားတဲ့ ညမထွက်ရအမိန့်ကို ဘားတွေက အာခံရင်း ဆက်ဖွင့်ထားတာကို အရာရှိတွေက စစ်ဆေး တွေ့ခဲ့ကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တိုးနှုန်းကို လျှော့ချဖို့ စပိန်ဟာ ခြောက်လကြာ အရေးပေါ် အခြေအနေကို အရင်သီတင်းပတ်က ချမှတ် ကြေညာထားပါတယ်။ နိုဝင်ဘာ ၁ ရက်နေ့အထိ တရားဝင် အတည်ပြုထားတဲ့ ကူးစက်ခံ လူဦးရေ စုစုပေါင်းဟာ ၁၁၈၅,၀၀၀ ကျော် ရှိပေမယ့် ဝန်ကြီးချုပ်ကတော့ တကယ့် ကူးစက်ခံ လူဦးရေဟာ ၃ သန်းအထက်မှာ ရှိနိုင်တယ်လို့ လေ့လာချက်တွေနဲ့ ခန့်မှန်းချက်တွေကို အခြေခံပြီး ပြောထားပါတယ်။ စပိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ သေဆုံးသူ ဦးရေကတော့ ၃၅,၈၇၈ ယောက် ရှိနေပါတယ်။
1 year Ago
Up