ထိုင်းနိုင်ငံထဲ နိုင်ငံတကာလေဆိပ်ကနေ ဝင်ရောက်လာမယ့် နိုင်ငံခြားခရီးသွားဧည့်သည်တွေ လိုက်နာဖို့ ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ရေး စည်းကမ်းချက်တွေကို ဇန်နဝါရီ ၉ ရက်မှာ စတင်ကျင့်သုံးမယ်လို့ ပြည်တွင်းလေကြောင်းဦးစီးဌာနက ထုတ်ပြန်ခဲ့ပေမဲ့ ၂၄ နာရီမတိုင်ခင် ပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။
မူလက သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေမှာ အသက် ၁၈ နှစ်ပြည့် ခရီးသွားဧည့်သည်တွေ ဝင်လာရင် ကိုဗစ်-၁၉ ကာကွယ်ဆေး အနည်းဆုံး ၂ ကြိမ်ထိုးနှံထားတဲ့ ထောက်ခံစာပြသဖို့၊ ဒေါ်လာ ၁၀,၀၀၀ တန် ကျန်းမာရေးအာမခံရှိဖို့၊ ထိုင်းကနေထွက်ခွာပြီး ၇ ရက်စာ ကျန်းမာရေးအာမခံရှိဖို့ ထုတ်ပြန်ထားတာပါ။
အဆိုပါထုတ်ပြန်ချက်ကို အနောက်ဥရောပက ခရီးသွားဧည့်သည်တွေက ကန့်ကွက်ပြီး ခရီးစဉ်တွေ ပြန်လည်ရုပ်သိမ်းခဲ့တဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာန၊ ဟိုတယ်ခရီးသွားလုပ်ငန်းနဲ့ လေကြောင်းဦးစီးဌာနတို့ အရေးပေါ်အစည်းအဝေးလုပ်ပြီး ခရီးသွားဧည့်သည်တွေ စစ်ဆေးရေး လျင်မြန်ချောမွေ့အောင် ပြန်လည်ရုပ်သိမ်းလိုက်တာ ဖြစ်ပါတယ်။
အထက်ပါစည်းကမ်းချက်ကို ရုပ်သိမ်းပေမဲ့ ခရီးသည်တိုင်း ကိုယ့်ကျန်းမာရေးကို ကိုယ်ဂရုစိုက်ဖို့ တိုက်တွန်းကြောင်း၊ လူစည်ကားတဲ့နေရာမှာ နှာခေါင်းစည်းတပ်ခြင်း၊ လက်မကြာမကြာ ဆေးကြောခြင်း၊ ရောဂါလက္ခဏာပြက ATK စစ်ဆေးခြင်းတွေ ပုံမှန်လုပ်ဖို့ တိုက်တွန်းကြောင်း၊ နိုင်ငံခြားခရီးသွား အမြောက်အမြားကို လက်ခံကြိုဆိုမယ့် အိမ်ရှင်ထိုင်းနိုင်ငံသားတွေအနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ၄ ကြိမ်အထိ ထိုးနှံပြီး မိမိကိုယ်ခံအားကောင်းအောင် ဆောင်ရွက်ထားဖို့ ထိုင်းကျန်းမာရေးဝန်ကြီး နိုင်းအနုထင်း ချန်းဝီရကွန်းက အစည်းအဝေးအပြီး သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
ဒါ့အပြင် ဘန်ကောက်ခရိုင်ဝန်ရုံး ပြောရေးဆိုခွင့်ရှိသူကလည်း ထိုင်းနိုင်ငံအနေနဲ့ ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ နိုင်ငံခြားခရီးသွားဧည့်သည်တွေကို ကုသပေးဖို့ အသင့်ရှိကြောင်း၊ ဇန်နဝါရီ ၉ ရက်က ဝင်ရောက်လာတဲ့ ခရီးသည်တွေထဲမှာလည်း ကိုဗစ်-၁၉ ကူးစက်သူတွေ့ရှိကြောင်း၊ ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ နိုင်ငံခြားခရီးသွားတွေကို Hotel Isolation မှာ သင့်လျော်တဲ့ ကုန်ကျစရိတ်နဲ့ သီးသန့်ခွဲပြီး ကုသပေးမှာဖြစ်ကြောင်း ပြောကြားပါတယ်။
တရုတ်ပြည်က နိုင်ငံတံခါးပေါက်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ ရက်နေ့မှာ ပြန်ဖွင့်လိုက်တဲ့နောက် တရုတ်ခရီးသွားဧည့်သည်တွေ ဇန်နဝါရီလ ၉ ရက်နေ့ကစပြီး ထိုင်းနိုင်ငံထဲကို ထောင်သောင်းချီ ဝင်ရောက်လာပါတယ်။
ပထမဆုံးဝင်လာတဲ့ ရှန့်မင် တရုတ်လေကြောင်းလိုင်းမှာ ခရီးသည် ၂၆၉ ဦးပါလာပြီး ထိုင်းဝန်ကြီး ၃ ပါး ဦးဆောင်ကာ ပန်းစည်းတွေ၊ အမှတ်တရအိတ်နဲ့ ထိုင်းခရီးသွားလမ်းညွှန် လက်ကမ်းစာစောင်တွေ ဝေငှပြီး နွေးထွေးစွာ ကြိုဆိုခဲ့ပါတယ်။
ဇန်နဝါရီ ၉ ရက် ပထမနေ့က တရုတ်ပြည် လေကြောင်းလိုင်း ၁၅ ကြောင်းကနေ တရုတ်ခရီးသွား ဧည့်သည် ၃,၄၆၅ ဦး ဝင်ရောက်ခဲ့ပါတယ်။
နေ့စဉ် ခရီးသွားဧည့်သည်ထောင်ချီ ဝင်လာဖို့ရှိတာကြောင့် ဒီ ၂၀၂၃ ခုနှစ်ထဲမှာ တရုတ်ပြည်က ခရီးသွားဧည့်သည် ၇ သန်းမှ ၁၀ သန်းထိ ဝင်ရောက်လာနိုင်တယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီး အနုထင်းက ခန့်မှန်းပြောဆိုပါတယ်။
ခရီးသွားဧည့်သည် ထောင်နဲ့ချီဝင်လာပြီး နာရီပိုင်းအတွင်း ထိုင်းစတော့ဈေး တရှိန်ထိုး မြင့်တက်လာတယ်လို့ ချန်နယ်လ် ၃ ထိုင်းတီဗွီသတင်းမှာ ဖော်ပြသွားပါတယ်။
တရုတ်နိုင်ငံရဲ့ ဘဏ္ဍာရေးမြို့တော် ရှန်ဟိုင်းမှာ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေ နိုဝင်ဘာ ၂၇ ရက်က လုံခြုံရေးရဲတွေနဲ့ တိုးကြိတ်တွန်းထိုးအော်ဟစ်ရင်း တရုတ်အစိုးရရဲ့ တင်းကျပ်တဲ့ ကိုဗစ် ကန့်သတ်ချက်အပေါ် သုံးရက်ကြာ ဆန္ဒပြခဲ့ကြပါတယ်။
တရုတ်အနောက်စွန်းက ရှင်းကျန်းပြည်နယ် အူရမ်းကီးမြို့မှာ မီးလောင်ခဲ့တဲ့ ဗီဒီယိုဖိုင်ကို လူမှုကွန်ရက်မှာ တင်ခဲ့ပြီးတဲ့နောက် လူသေဆုံးမှုဖြစ်ရတဲ့ အကြောင်းရင်းက အသွားအလာ ပိတ်ဆို့ ကန့်သတ်တဲ့ လော့ဒေါင်းကြောင့်လို့ စွပ်စွဲခဲ့ပါတယ်။
မြို့တော် ဘေဂျင်းအပါအဝင် တခြားမြို့တွေဆီ ပျံ့နှံ့သွားတဲ့ အာဏာဖီဆန်မှုလှိုင်းဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုက သမ္မတ ရှီကျင့်ဖျင် အာဏာရလာချိန် ကစပြီး တရုတ်ပြည်မကြီးမှာ မကြုံစဖူး ဖြစ်လာတာပါ။
ရှီကျင့်ဖျင်ရဲ့ လက်မှတ် မထိုးထားတဲ့ ကိုဗစ်-၁၉ မူဝါဒအပေါ် မကျေမနပ်ဖြစ်မှုတွေ တိုးလာနေချိန်လည်း ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အတင်းကျပ်ဆုံး ကိုဗစ် ကန့်သတ်ချက် တချို့နဲ့ နေနေတာ သုံးနှစ်နီးပါး ရှိပါပြီ။
နိုဝင်ဘာ ၂၇ ရက်က ဘေဂျင်းမြို့တော်ရဲ့ အထင်ကရ ရှင်းဟွာတက္ကသိုလ်မှာ လူဒါဇင်ပေါင်း များစွာက ကိုဗစ် ကန့်သတ်ချက်တွေကို ဆန့်ကျင်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့ကြပါတယ်။
တရုတ်နိုင်ငံမှာ အစိုးရရဲ့ တင်းကျပ်တဲ့ ကိုဗစ်-၁၉ ကန့်သတ်ချက်တွေကို ဆန့်ကျင်ကန့်ကွက်ရင်း မြို့အများအပြားမှာ ရာနှင့်ချီတဲ့ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရက်ပိုင်းအတွင်း ထိပ်တိုက်တွေ့ ခဲ့ကြပါတယ်။
ကမ္ဘာ့နိုင်ငံ အများစုမှာ ကန့်သတ်ချက်အများစုကို ရုပ်သိမ်းလိုက်ပေမယ့် တရုတ်နိုင်ငံက သမ္မတ ရှီကျင့်ဖျင်ရဲ့ မူဝါဒကို လိုက်နာခဲ့တာပါ။
ကမ္ဘာ့စံချိန်စံညွှန်းအရ နိမ့်ကျနေပေမဲ့ တရုတ်နိုင်ငံရဲ့ ရောဂါကူးစက်မှု အရေအတွက်ဟာ နိုဝင်ဘာ ၂၆ ရက်မှာ တရက်တည်းအတွင်း ကူးစက်မှုအသစ် ၄၀,၀၀၀ နီးပါးနဲ့ ရက်ပေါင်းများစွာ စံချိန်တင် မြင့်မားလာခဲ့တာပါ။
နိုင်ငံတဝန်း မြို့ကြီးတွေမှာလည်း အသွားအလာ ပိတ်ဆို့ကန့်သတ်ချက်လော့ဒေါင်းတွေ ထပ်ပြီး ချမှတ်ခဲ့ပါတယ်။