ကိုဗစ်စစ်ဆေးရေးဂိတ်

December 23, 2020

ငရုတ်ကောင်းမြို့ နံ့သာပုကျေးရွာအုပ်စု ကိုဗစ်စစ်ဆေးရေးဂိတ်အားလုံး ပိတ်သိမ်း

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ နံ့သာပုကျေးရွာအုပ်စုရှိ ကိုဗစ် စစ်ဆေးရေးဂိတ်အားလုံးကို ဒီဇင်ဘာ ၂၂ ရက်နေ့က စတင်ကာ ပိတ်သိမ်းလိုက်ပြီလို့ သိရပါတယ်။ ရန်ကုန်ကနေ ကျေးရွာရှိ ဟိုတယ်ဆောက်လုပ်ရေးလုပ်ငန်းခွင်လာတဲ့ လုပ်ငန်ရှင်နဲ့အဖွဲ့ကို နံ့သာပုကျေးရွာအုပ်စု ကိုဗစ်ကော်မတီက ကွာရန်တင်း ၇ ရက်ဝင်ခိုင်းတာကို လိုက်နာခြင်း မရှိတဲ့အပေါ် မြို့နယ်အုပ်ချုပ်ရေးမှူးကို တိုင်ကြားခဲ့ပေမဲ့ မရတာကြောင့် ခုလို ကျေးရွာ ကိုဗစ်စစ်ဆေးရေးဂိတ်ကို ဖျက်သိမ်းလိုက်တာလို့ နံ့သာပုကျေးရွာအုပ်စု စစ်ဆေးရေးဂိတ် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “အဝင်၊ အထွက်ဂိတ်တွေ အကုန်ဖျက်လိုက်ပြီ။ လူဝင်လူထွက် ဂိတ်တွေကိုရော။ သူတို့ကမှ ကွာရန်တင်းဝင်ခိုင်းတာကို မလိုက်နာတာ ကျနော်တို့ စစ်ဆေးဂိတ်တွေ ဆက်ထားလည်း အပိုပဲ။ ရွာထဲသူတွေ ဆိုက်ထဲမှာ သွားလုပ်နေကြတာလည်း အများကြီးပဲ။ အခုဟာက မြင်ရတဲ့ရောဂါ မဟုတ်တော့ တကယ်လို့ သူတို့မှာသာ ရောဂါပိုးပါလာခဲ့ရင် ကူးစက်မှုတွေ ဖြစ်လာနိုင်ပါတယ်” ဟု နံ့သာပုကျေးရွာနေ ဦးအစံက ပြောပါတယ်။ ရန်ကုန်ကနေ လာရောက်တဲ့ ဟိုတယ်လုပ်ငန်းရှင်နဲ့အဖွဲ့ကို ကွာရန်တင်းဝင်ဖို့အတွက် မြို့အုပ်ချုပ်ချုပ်ရေးမှူးကိုယ်တိုင် မှာကြားတာတွေရှိပေမဲ့ လက်မခံဘဲ လုပ်ငန်းခွင်မှာပဲ နေထိုင်မှုတွေ ရှိသလို လုပ်ငန်းခွင်ထဲက လူတွေက ရွာထဲမှာ ဈေးထွက်ဝယ်တာမျိုးတွေရှိတာကြောင့် ဒေသခံတွေက ရောဂါကူးစက်ခံရမှာကို စိုးရိမ်ထိတ်လန့်ကြပါတယ်။ နံ့သာပုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်ဝမ်းက “ခုဟာက ရန်ကုန်ကနေ လာတယ်။ ကျန်းမာရေးထောက်ခံစာလည်း ပါတယ်။ RTD နဲ့စစ်ဆေးထားတာလည်း ပါပါတယ်။ ဒါပေမဲ့ ကျေးရွာနေပြည်သူတွေ စိတ်လုံခြုံမှုရအောင်လို့ သူတို့ကို ကွာရန်တင်းဝင်ခိုင်းတာ ဖြစ်ပါတယ်။ ဒါကို သူတို့က မလိုက်နာဘဲ သူတို့ဆိုက်ထဲမှာ ကွာရန်တင်းနေမယ်လို့ ပြောပါတယ်။ ရွာသားတွေကလည်း ကြောက်နေကြပါတယ်။ သူတို့ဆိုက်ထဲက စျေးဝယ်တာကလည်း ရွာထဲမှာပဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ ဧရာ၀တီတိုင်းမှာ ဒီဇင်ဘာလ ၂၂ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ၄၀၈၅ ဦးထိရှိပြီး ဆင်းရုံဆင်းခွင့်ရရှိသူ ၃၄၀၀ ဦးရှိကာ သေဆုံးလူနာ ၃၃ ဦးရှိတယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။ သတင်း - မင်းထက်မုန်း(ပုသိမ်)
1 year Ago

November 22, 2020

ချောက်မြို့အဝင် ကိုဗစ်စစ်ဆေးရေးဂိတ်အား ရှောင်ကွင်းသည့် ယာဥ် ၆ စီးကို ခံဝန်ထိုးခိုင်း

မကွေးတိုင်း၊ ချောက်မြို့အဝင် ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်ကို ရှောင်ကွင်းမောင်းနှင်တဲ့ မော်တော်ယာဥ် ၆ စီးက ယာဥ်မောင်း ၆ ဦးကို နိုဝင်ဘာ ၂၂ ရက် ညနေပိုင်းမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမမှာ ခံဝန်လက်မှတ်ထိုးခိုင်းခဲ့တယ်လို့ ချောက်မြို့ ဒုအုပ်ချုပ်ရေးမှူး ဦးအောင်မျိုးလင်းက ပြောပါတယ်။ ဖြစ်စဥ်မှာ နိုဝင်ဘာ ၂၁ ရက် ည ၁၁ နာရီအချိန်လောက်က ကျောက်ပန်းတောင်း ကျောက်ပုံ ကျေးရွာဘက်က လမ်းခင်းကျောက်တွေ သယ်လာတဲ့ ကုမ္ပဏီတခုပိုင် ၆ ဘီးယာဥ် ၆ စီးက ချောက်မြို့ဝင် မိုလာဂိတ်ကို ရှောင်ကွင်းကြီး ကြေနီကျေးရွာ-ချောက်ရေနံမြေလမ်းကတဆင့် အမှတ် ၁၀ ရပ်ကွက် အေးစေတီလမ်း အတိုင်း ရှောင်ကွင်းဝင်ရောက်ခဲ့တာကြောင့်  မြို့နယ် ကိုဗစ် -၁၉  ထိန်းချုပ်ကာကွယ်ရေးအဖွဲ့က တားစီးစစ်ဆေးပြီး Quarantine စင်တာမှာ ကားနဲ့လူတွေကို ထိန်းသိမ်းထားခဲ့တာပါ။ ကိုဗစ်-၁၉ စစ်ဆေးမှုကို ရှောင်ကွင်းလိုခြင်း မဟုတ်ဘဲ မြို့ဝင် တန်ပိုဆောင်ရမှာ စိုးရိမ်လို့ ရှောင်ကွင်းတာလို့ ယာဥ်မောင်းတွေက ပြောဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီယာဉ်မောင်းတွေကို မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးတို့က အစည်းဝေးဆုံးဖြတ်ပြီး နောက်နောင် အခုလို မလုပ်ဖို့နဲ့ ထပ်လုပ်ခဲ့ပါက ထိရောက်တဲ့ အရေးယူမှု ခံရမယ်ဆိုပြီး ခံဝန်ထိုးခိုင်းခဲ့တယ်လို့ သိရပါတယ်။ ကိုလင်း(ချောက်)
1 year Ago
Up